မြန်မာနိုင်ငံရှိ အခြေခံပညာကျောင်းများအားလုံး စံကိုက်ကျောင်းများ ဖြစ်စေရေး ဆောင်ရွက်ရမည်ဟု နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်က ဩဂုတ် ၂၅ ရက်တွင် ကျင်းပသည့် ပြည်ထောင်စုအစိုးရအဖွဲ့ အစည်းအဝေး၌ ပြောကြားခဲ့သည်။လက်ရှိတွင် အခြေခံပညာကျောင်းပေါင်း ၅ သောင်းခန့်အနက် ၁၀ ရာခိုင်နှုန်းခန့်သာ စံကိုက်ကျောင်း ရှိသေးသဖြင့် မူလတန်းကျောင်းအတွက် ၃ ဧကမှ ၅ ဧက၊ အလယ်တန်းကျောင်းအတွက် ၅ ဧကမှ ၇ ဧကနှင့် အထက်တန်းကျောင်းအတွက် ၇ ဧကမှ ၁၀ ဧကအထိ မြေဧရိယာအကျယ်အဝန်း သတ်မှတ်ကာ စံကိုက်ကျောင်းများအဖြစ် ဦးစားပေးအလိုက် အဆင့်မြှင့်တင်ရန် မှာကြားခဲ့သည်။စံကိုက်ကျောင်းများဖြစ်စေရန် တန်းစီသည့်နေရာ၊ အားကစားနှင့် ကစားကွင်းများ ပါဝင်ရမည်ဖြစ်ပြီး အဆောက်အအုံများကို စနစ်တကျ ဆောက်လုပ်ရန် လိုအပ်ကြောင်း၊ ပညာရေးကဏ္ဍ မြှင့်တင်ရန်အတွက် အစိုးရ၊ ကျောင်းသား၊ မိဘ၊ ဆရာနှင့် အုပ်ချုပ်ရေးအဖွဲ့အစည်းများ ပူးပေါင်းဆောင်ရွက်ရန် လိုကြောင်း လည်း ဖော်ပြထားသည်။ထို့ပြင် စာသင်ကျောင်းများ ရေရှည်အတွက် စနစ်တကျ ရေးဆွဲဆောက်လုပ်ရန်နှင့် လုံခြုံမှု၊ သန့်ရှင်းသာယာမှုနှင့် ဝန်းကျင်ကောင်းများ ဖြစ်စေရေးအတွက် တာဝန်ရှိသူများက စနစ်တကျ ဆောင်ရွက်သွားရမည် ဖြစ်ကြောင်း သိရသည်။
Aug 26 • 1:59 AM
မြန်မာ
ပြည်တွင်း
မျှဝေမည်
| 96 | 0 | 0 | 0 |


