ကရင်ပြည်နယ်၊ မြဝတီမြို့ရှိ သောင်ရင်းမြစ်ရေသည် ဩဂုတ် ၂၂ ရက် မွန်းလွဲပိုင်းအထိ ပြန်လည်ကျဆင်းနေသော်လည်း စိုးရိမ်ရေအမှတ်အထက် ၃၇ စင်တီမီတာခန့်တွင် ရှိနေဆဲဖြစ်သဖြင့် ပြည်သူ ၂,၃၀၀ ကျော် ရေဘေးကယ်ဆယ်ရေး စခန်းများ၌ ဆက်လက် ခိုလှုံနေရဆဲ ဖြစ်ကြောင်း သိရသည်။မိုးလေဝသနှင့် ဇလဗေဒ ညနေ ၆ နာရီခွဲ တိုင်းတာချက်အရ သောင်ရင်းမြစ်ရေမှာ ၁,၀၀၀ စင်တီမီတာသို့ ရောက်ရှိနေပြီး မြို့အတွင်း အနိမ့်ပိုင်း အချို့တွင် ရေပြန်ကျသဖြင့် သန့်ရှင်းရေး ပြုလုပ်နေကြသော်လည်း အချို့ ရပ်ကွက်များ၌ ရေကြီးရေလျှံမှု ဆက်လက် ဖြစ်ပွားနေဆဲ ဖြစ်သည်။ဖွင့်လှစ်ထားသည့် ယာယီ ကယ်ဆယ်ရေး စခန်း ၆ ခုအနက် ရေပူတောင်ပေါ်ကျောင်း စခန်းကို မွန်းလွဲပိုင်းတွင် ပိတ်သိမ်းနိုင်ခဲ့သော်လည်း အမှတ် (၃)၊ (၄) နှင့် (၅) ရပ်ကွက်များရှိ ကျန်စခန်း ၅ ခုတွင် ရေဘေးရှောင် ပြည်သူ ၂,၃၀၀ ကျော် ကျန်ရှိနေသေးသည်။ အဆိုပါ ရေဘေးသင့် ပြည်သူများအတွက် စားနပ်ရိက္ခာနှင့် အရေးပေါ် ထောက်ပံ့ပစ္စည်းများကို ခရိုင် သဘာဝဘေး စီမံခန့်ခွဲရေးအဖွဲ့နှင့် စေတနာရှင်များက ပူးပေါင်း ကူညီပေးလျက် ရှိသည်။
| 45 | 0 | 0 | 0 |


