ဗဟိုအာဖရိကနိုင်ငံ အနောက်ပိုင်းရှိ ကျေးရွာငယ် တစ်ခုမှာ ကြီးမားတဲ့ မြေပြိုမှုကြောင့် အစဉ်အလာ နည်းလမ်းနဲ့ တူးဖော်နေကြတဲ့ ရွှေမိုင်းတွင်း တစ်တွင်း မြေကြီးကျွံဝင်သွားပြီး လူ ၁၀၀ ကျော် သေဆုံးသွားတယ်လို့ ဒေသဆိုင်ရာ အရာရှိတွေနဲ့ ကယ်ဆယ်ရေး လုပ်သားတွေက သြဂုတ် ၂၀ ရက်မှာ ပြောပါတယ်။ကင်မရွန်းနိုင်ငံ နယ်စပ်အနီးရှိ ဘော်ဘောက်အာမြို့ကနေ ၃၁ မိုင်လောက် အကွာမှာ ရှိတဲ့ ဇမ်ဘိုအီကျေးရွာမှာ သြဂုတ် ၁၉ ရက် နေ့လယ်ပိုင်းက ကြီးမားတဲ့ မြေပြိုမှု ဖြစ်ပွားခဲ့တာ ဖြစ်ပါတယ်။လူမှုမီဒီယာပေါ်မှာ ပျံ့နှံ့နေတဲ့ ရုပ်သံဖိုင်တွေမှာ မိုင်းတွင်းလုပ်သားတွေလို့ ထင်ရသူတွေအပေါ် မြေကြီးတွေ ဖုံးအုပ်သွားတာ မြင်တွေ့ရပါတယ်။မြေကြီးအောက်မှာ ပိတ်မိနေသူတွေ အများကြီး ရှိတယ်လို့ ဒေသဆိုင်ရာ အစိုးရရှေ့နေချုပ်ရုံးရဲ့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။ရွှေတွင်း ပြိုကျတဲ့ နေရာက လူသေအလောင်း ၁၀၀ ကျော် ဆယ်ယူရရှိထားတယ်လို့ ကယ်ဆယ်ရေး အဖွဲ့တွေက သတင်းထောက်တွေကို သြဂုတ် ၂၀ ရက်က ပြောပါတယ်။ ဒေသဆိုင်ရာ မိုင်းတွင်းလုပ်ငန်းများ အဖွဲ့ အကြီးတန်း အရာရှိ တစ်ဦးက အလောင်း ၁၀၀ ကျော် ရှာတွေ့ထားကြောင်း အတည်ပြုပေးထားပါတယ်။အဲဒီ မိုင်းတွင်းမျိုးတွေမှာ စည်းကမ်းလိုက်နာမှု မရှိသလောက် ရှားတာကြောင့် မကြာခဏဆိုသလို မိုးတွင်း ပြိုကျမှုတွေ ဖြစ်ပွားနေပါတယ်။



