ဗီယက်နမ်နိုင်ငံ ဟိုချီမင်းမြို့ရှိ Cach Mang Thang Tam လမ်းမကြီးတစ်လျှောက် စားသောက်ဆိုင်များနှင့် စီးပွားရေးလုပ်ငန်းများက လမ်းဘေးပလက်ဖောင်းများကို စားပွဲ၊ ကုလားထိုင်များ ခင်းကျင်းခြင်းနှင့် မော်တော်ဆိုင်ကယ် ရပ်နားရန်နေရာအဖြစ် ဥပဒေမဲ့ ကျူးကျော်အသုံးပြုနေသဖြင့် လမ်းလျှောက်သူများ ကားလမ်းပေါ်မှ သွားလာနေရကြောင်း Tuoi Tre သတင်းတွင် ဖော်ပြထားသည်။ Hoa Hung နှင့် Nhieu Loc ရပ်ကွက်များအတွင်း ညနေ ၅ နာရီခန့်မှစ၍ အစားအသောက်ဆိုင်များသည် ပလက်ဖောင်းပေါ်အထိ စီးပွားရေးလုပ်ငန်းများ တိုးချဲ့ခင်းကျင်းကြပြီး ဆိုင်ဝန်ထမ်းများကပါ အဝယ်လာသူများ၏ ဆိုင်ကယ်များကို ပလက်ဖောင်းပေါ် တင်ပြိုင်ရပ်နားစေကာ ပိတ်ဆို့ထားကြသည်။ အဆိုပါ လမ်းဘေးပလက်ဖောင်းများ ကျူးကျော်ခံရသည့် ပြဿနာမှာ ရေရှည်ဖြစ်ပွားနေခြင်းဖြစ်ပြီး လမ်းလျှောက်သူများ၏ ဘေးကင်းလုံခြုံရေးအတွက် သက်ဆိုင်ရာ အာဏာပိုင်များအနေဖြင့် ပလက်ဖောင်းများကို မူလရည်ရွယ်ချက်အတိုင်း ပြန်လည်ရရှိအောင် စနစ်တကျ အရေးယူ ဆောင်ရွက်ပေးရန် ဒေသခံများက တောင်းဆိုလျက် ရှိသည်။


