ရှမ်းပြည်နယ် တောင်ပိုင်း၊ တောင်ကြီးမြို့ရှိ ပတ္တမြားဆေးရုံ အနီးဝန်းကျင် လမ်းများတွင် ဆေးရုံ လာရောက်သည့် ယာဉ်များနှင့် လမ်းဘေး ယာဉ်ရပ်နားမှုများကြောင့် ယာဉ်ကြော ပိတ်ဆို့မှုများ မကြာခဏ ဖြစ်ပေါ်နေသဖြင့် သက်ဆိုင်ရာမှ စနစ်တကျ ဖြေရှင်းပေးရန် ဒေသခံများက တောင်းဆိုလျက် ရှိသည်။အဆိုပါ လမ်းသည် လမ်းကျဉ်းသည့်အပြင် ဆေးရုံ၏ ကားပါကင် နေရာ မလုံလောက်သဖြင့် လမ်းနှစ်ဖက်စလုံး၌ ယာဉ်များ ရပ်နားထားခြင်း၊ စျေးနှင့် ကျောင်းများအနီး တည်ရှိ၍ နံနက်နှင့် ညနေပိုင်းတို့တွင် အသွားအလာ များပြားခြင်းတို့ကြောင့် ယာဉ်ကြော ပိုမို ကျပ်တည်းနေခြင်း ဖြစ်သည်။
သို့ဖြစ်ပါ၍ ဆေးရုံဘက်မှ ယာဉ်ဝင်ထွက် စီမံပေးရန်၊ လမ်းရှင်းပေးမည့် ဝန်ထမ်းများ ထားရှိရန်၊ လမ်းဘေး ယာဉ်ရပ်နားမှုများနှင့် ဈေးဆိုင်များကို သက်ဆိုင်ရာမှ ကွင်းဆင်း စစ်ဆေး စနစ်တကျ ဆောင်ရွက်ပေးရန် ဒေသခံများက လိုလားနေကြသည်။


