ကရင်ပြည်နယ်၊ မြဝတီမြို့၊ အမှတ် (၄) ရပ်ကွက်တွင် ပြီးခဲ့သည့် ဩဂုတ် ၁၃ ရက် ညပိုင်းက ဖမ်းဆီးရမိခဲ့သည့် ပြည့်တန်ဆာလုပ်ငန်း လုပ်ကိုင်သူ အမျိုးသမီး ၃၂ ဦးနှင့် မန်နေဂျာ အမျိုးသား ၄ ဦးတို့အား မြဝတီမြို့နယ်တရားရုံးက ယမန်နေ့တွင် ထောင်ဒဏ်များ အသီးသီး ချမှတ်လိုက်သည်။တရားရုံး၏ အမိန့်အရ ပြည့်တန်ဆာလုပ်ကိုင်သူ အမျိုးသမီး ၃၂ ဦးကို ထောင်ဒဏ် ၃ နှစ်စီနှင့် မန်နေဂျာ အမျိုးသား ၄ ဦးကို ထောင်ဒဏ် ၅ နှစ်စီ ချမှတ်ခဲ့ခြင်းဖြစ်သည်။ ဝင်ရောက်ဖမ်းဆီးချိန်တွင် သတင်းကြိုတင် ပေါက်ကြားမှုကြောင့် ရုံပိုင်ရှင်များမှာ ထွက်ပြေးလွတ်မြောက်သွားခဲ့ပြီး ပုန်းအောင်းနေသည့် ဝန်ထမ်းများသာ ဖမ်းဆီးခံခဲ့ရခြင်းဖြစ်ကာ လက်ရှိတွင် မြဝတီမြို့ပေါ်ရှိ ပြည့်တန်ဆာရုံ အများစု ခေတ္တပိတ်ထားကြသည်။ယခုကဲ့သို့ နှိမ်နင်းမှုမှာ မြဝတီမြို့၌ HIV ကူးစက်မှုနှုန်း မြင့်တက်နေမှုနှင့် ပတ်သက်၍ ပြည့်တန်ဆာရုံများနှင့် အနှိပ်ခန်းများကို ပိတ်သိမ်းရန် ပြည်နယ်လွှတ်တော်တွင် မေးခွန်းထုတ်ခဲ့ပြီးနောက်ပိုင်း ဖြစ်ပေါ်လာခြင်းဖြစ်သည်။ လက်ရှိတွင် မြဝတီခရိုင်၌ HIV ပိုးထိန်းဆေး သောက်နေရသူ ၂,၄၀၀ ကျော်ရှိပြီး ဖမ်းဆီးခံရသူများထဲတွင်လည်း ဆေးဝါးပုံမှန် သောက်နေရသူအချို့ ပါဝင်နေသည်။ တာဝန်ရှိသူများကမူ မြဝတီမြို့တွင် ပြည့်တန်ဆာလုပ်ငန်းများ ကင်းစင်သည်အထိ ဆက်လက် ဖော်ထုတ်သွားမည်ဟု ပြောဆိုထားသည်။



