ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ Din Daeng ခရိုင်တွင် မြန်မာနိုင်ငံသား အများစုပါဝင်သည့် ရွှေ့ပြောင်း ကလေးငယ်များကို အမှန်တကယ် နေထိုင်ခြင်း မရှိသည့် လိပ်စာများ၌ အိမ်ထောင်စုစာရင်းသွင်းကာ တရားမဝင် ပန်းရောင်ကတ် (Pink ID cards) ပြုလုပ်ပေးနေသည့် ဂိုဏ်းတစ်ခုကို ထိုင်းအာဏာပိုင်များက ဩဂုတ် ၁၈ ရက်တွင် "Clean up the City" စစ်ဆင်ရေးဖြင့် ဝင်ရောက် ဖမ်းဆီးခဲ့သည်။
ရဲတပ်ဖွဲ့နှင့် ပြည်ထဲရေးဌာနတို့ ပါဝင်သည့် ပူးပေါင်းအဖွဲ့သည် မြို့နယ်အုပ်ချုပ်ရေးမှူးရုံး အရာရှိများ၊ ပွဲစားနှင့် အိမ်ရှင် အပါအဝင် ပါဝင်ပတ်သက်သူ ၇ ဦးကို တရားရုံး ဝရမ်းဖြင့် ဖမ်းဆီးလိုက်ခြင်း ဖြစ်သည်။DOPA N.I.C.E. အထူးတပ်ဖွဲ့၏ စုံစမ်းစစ်ဆေးချက်များအရ ၂၀၂၄ ခုနှစ်မှစ၍ ရွှေ့ပြောင်းလုပ်သားများ၏ ကလေးငယ် ၁,၃၀၀ ကျော်ကို အိမ်ပိုင်ရှင် ၄၄ ဦး၏ အိမ်ထောင်စုစာရင်းများအတွင်း မမှန်မကန် ထည့်သွင်းထားကြောင်း ဖော်ထုတ်နိုင်ခဲ့သည်။အဆိုပါ လိပ်စာများကို စစ်ဆေးရာ အခန်းတစ်ခန်းလျှင် ကလေးငယ် အနည်းဆုံး ၁၆ ဦးစီ စာရင်းသွင်းထားသည်ကို တွေ့ရှိခဲ့ရသည်။ လက်ရှိတွင် ထိုင်းရဲတပ်ဖွဲ့က စာရွက်စာတမ်း အတုပြုလုပ်မှုများ၊ ငွေလွှဲအကောင့်များနှင့် အွန်လိုင်း ရာဇဝတ်ဂိုဏ်းများ ပါဝင်ပတ်သက်မှု ရှိ၊ မရှိ ဆက်လက် စုံစမ်းစစ်ဆေးလျက် ရှိသည်။


