အာရပ်စော်ဘွားများနိုင်ငံ၊ယူအေအီး တွင် နွေရာသီ၏ အပူချိန် အမြင့်ဆုံးကာလ ကုန်ဆုံးခါနီးအချိန်၌ ယခုနှစ်အတွင်း ပထမဆုံးအကြိမ်အဖြစ် အပူချိန် ၅၀ ဒီဂရီ စင်တီဂရိတ် (၁၂၂ ဒီဂရီ ဖာရင်ဟိုက်) သို့ စံချိန်တင် ရောက်ရှိခဲ့ကြောင်း အမျိုးသား မိုးလေဝသ ဗဟိုဌာန (NCM) က ထုတ်ပြန်ခဲ့သည်။အဆိုပါ စံချိန်တင် အပူချိန်ကို အယ်လ်အိန်း (Al Ain) ဒေသရှိ စွေဟန် (Sweihan) တွင် မွန်းလွဲပိုင်း၌ တိုင်းထွာ ရရှိခဲ့ခြင်းဖြစ်သည်။ နွေရာသီ၏ အပူပြင်းဆုံး အခိုက်အတန့် ဖြစ်သည့် သဟေးလ် (Suhail) ကြယ် မထွက်ပေါ်မီ ကာလအတွင်း အပူလှိုင်းဖြတ်သန်းမှုကြောင့် ယခုကဲ့သို့ အပူချိန်များ ဆက်လက် မြင့်တက်နေခြင်းဖြစ်ပြီး မိုးလေဝသ ဌာနက ပြည်သူများအနေဖြင့် နေရောင်ခြည်နှင့် တိုက်ရိုက်ထိတွေ့မှုကို ရှောင်ရှားရန်နှင့် ရေဓာတ် လုံလောက်စွာ မှီဝဲကြရန် သတိပေး နှိုးဆော်ထားသည်။



