Indonesia နိုင်ငံဂျာကာတာရှိ ဆူကာနို-ဟတ်တာ (Soekarno-Hatta) နိုင်ငံတကာလေဆိပ်တွင် ခရီးဆောင်အိတ်အတွင်း အက်တစီ (Ecstasy) ဆေးပြား ၇၀,၀၀၀ ကျော် မှောင်ခိုတင်သွင်းမှုဖြင့် ဖမ်းဆီးရမိခဲ့ပြီးနောက် မလေးရှား လေယာဉ်မှူးတဦးသည် အင်ဒိုနီးရှားတွင် သေဒဏ်နှင့် ရင်ဆိုင်ရနိုင်ခြေ ရှိနေသည်။ အက္ခရာ အတိုကောက် MSO ဟုသာ ဖော်ပြထားသည့် အသက် ၃၉ နှစ်အရွယ် အဆိုပါ လေယာဉ်မှူးသည် ကွာလာလမ်ပူမှ ရောက်ရှိလာပြီး ဗုဒ္ဓဟူးနေ့ (ဇူလိုင် ၂၉ ရက်) က ဖမ်းဆီးခံခဲ့ရခြင်းဖြစ်သည်။၎င်း သည်မည်သည့် လေကြောင်းလိုင်းတွင် လုပ်ကိုင်သည်ဆိုသည်ကို ထုတ်ဖော်ပြောကြားခြင်း မရှိသေးသော်လည်း လေယာဉ်နံပါတ်အရ ယင်းသည် မလေးရှား လေကြောင်းလိုင်း (Malaysia Airlines) လေယာဉ်တစီး ဖြစ်ကြောင်း ညွှန်းဆိုနေသည်။ လက်စွဲအိတ်အတွင်းမှ မက်သဖက်တမင်း ၄ ဂရမ်အပြင်၊ လေယာဉ်မှူး၏ ခရီးဆောင်အိတ်အတွင်းမှ အက်တစီ ဆေးပြား ၁၄ အိတ်ကို တွေ့ရှိခဲ့ကြောင်း အကောက်ခွန် အရာရှိများက ပြောကြားခဲ့သည်။လေယာဉ်မှူးသည် မူးယစ်ဆေးဝါး သယ်ဆောင်ပေးသူအဖြစ် ဆောင်ရွက်ခဲ့သည့်အပြင်၊ ဂျာကာတာသို့ လေယာဉ်မောင်းနှင်စဉ်အတွင်း မူးယစ်ဆေးဝါး သုံးစွဲထားဖွယ် ရှိကြောင်း ယုံကြည်ရသည်။ ဖမ်းဆီးရမိချိန်တွင် ချက်ချင်း စစ်ဆေးခဲ့သော ဆီးစစ်ချက်ရလဒ်များ၌ တရားမဝင် မူးယစ်ဆေးဝါး သုံးမျိုး စိစစ်တွေ့ရှိခဲ့သည်။လေယာဉ်မှူးက ဂျာကာတာသို့ မူးယစ်ဆေးဝါးများ ပို့ဆောင်ပေးရန်အတွက် ရင်းဂစ် ၅၀,၀၀၀ (အမေရိကန် ဒေါ်လာ ၁၁၇၀၀ ခန့်) ပေးမည်ဟု ကတိပြုခံခဲ့ရကြောင်း စုံစမ်းစစ်ဆေးသူများကို ပြောကြားခဲ့သည်ဟု သတင်းရရှိသည်။မလေးရှား လေကြောင်းလိုင်းကမူ လက်ရှိ စုံစမ်းစစ်ဆေးဆဲ ကိစ္စအပေါ် မှတ်ချက်ပေးရန် ငြင်းဆန်ခဲ့သော်လည်း ဥပဒေချိုးဖောက် ပြုမူဆောင်ရွက်မှုများအပေါ် လုံးဝ သည်းခံမည်မဟုတ်သည့် မူဝါဒကို အလေးအနက် ပြောကြားခဲ့သည်။ အဆိုပါ လေကြောင်းလိုင်းသည် ပြန်လည်သုံးသပ်မှုများ စတင်နေပြီး သက်ဆိုင်ရာ အာဏာပိုင်များနှင့် အပြည့်အဝ ပူးပေါင်းဆောင်ရွက်သွားမည်ဟု ကတိပြုခဲ့သည်။အင်ဒိုနီးရှား ဥပဒေအရ ၎င်းသည် သေဒဏ် သို့မဟုတ် ထောင်ဒဏ် တသက်တကျွန်း ရင်ဆိုင်ရဖွယ် ရှိသည်။ အင်ဒိုနီးရှားသည် မူးယစ်ဆေးဝါး မှောင်ခိုကူးသူများကို သေဒဏ်ပေးခြင်း အပါအဝင် ကမ္ဘာပေါ်တွင် အပြင်းထန်ဆုံး မူးယစ်ဆေးဝါး တိုက်ဖျက်ရေး ဥပဒေအချို့ရှိသည့် နိုင်ငံဖြစ်သော်လည်း သေဒဏ်စီရင်မှုများကိုမူ နှစ်များစွာကြာ ဆိုင်းငံ့ထားခဲ့သည်။အင်ဒိုနီးရှားတွင် နောက်ဆုံး သေဒဏ်စီရင်ခဲ့သည်မှာ ၂၀၁၆ ခုနှစ်ကဖြစ်ပြီး မူးယစ်ဆေးဝါး ပြစ်မှုဖြင့် ပြစ်ဒဏ်ကျခံနေရသော အင်ဒိုနီးရှားနိုင်ငံသား တစ်ဦးနှင့် နိုက်ဂျီးရီးယားနိုင်ငံသား သုံးဦးတို့ကို ပစ်ခတ်ကွပ်မျက်ခဲ့ခြင်း ဖြစ်သည်။



