နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးနှင့် ပြည်သူလူထု၏ လူမှုစီးပွားဘဝ အဆင့်အတန်းမြင့်မားရေးအတွက် လျှပ်စစ်ဓာတ်အားလုံလောက်စွာ ရရှိရန် အရေးကြီးသဖြင့် LNG၊ နေရောင်ခြည်စွမ်းအင်၊ ရေအားလျှပ်စစ်၊ ကျောက်မီးသွေးနှင့် နျူကလီးယားစွမ်းအင်အပါအဝင် စွမ်းအင်ရင်းမြစ်မျိုးစုံကို ဟန်ချက်ညီညီ အသုံးချကာ ၂၀၃၀ ပြည့်နှစ်တွင် တစ်နိုင်ငံလုံး လျှပ်စစ်ဓာတ်အားရရှိရေး ကြိုးပမ်းဆောင်ရွက်သွားမည်ဖြစ်ကာ လျှပ်စစ်ဓာတ်အားလိုအပ်ချက်ကို ကာလတိုဖြေရှင်းနိုင်ရေးအတွက် သဘာဝဓာတ်ငွေ့ရည် (LNG) အသုံးပြုသည့် ဓာတ်အားပေးစက်ရုံစီမံကိန်းများကို အကောင်အထည်ဖော်ခဲ့ကြောင်း ထည့်သွင်းပြောကြားခဲ့သည်။နိုင်ငံ၏ လျှပ်စစ်ဓာတ်အားထုတ်လုပ်မှုသည် ရေအားလျှပ်စစ်နှင့် သဘာဝဓာတ်ငွေ့အရင်းအမြစ်များအပေါ် အဓိကမှီခိုနေရသဖြင့် ရာသီဥတုပြောင်းလဲမှုကြောင့် ရေအားလျှပ်စစ်ထုတ်လုပ်မှု အတက်အကျဖြစ်ပေါ်ခြင်းနှင့် ကမ္ဘာ့စွမ်းအင်ဈေးနှုန်း မတည်ငြိမ်ခြင်းတို့သည် နိုင်ငံ၏ ရေရှည်စွမ်းအင်လုံခြုံရေးအတွက် စိန်ခေါ်မှုများဖြစ်ကြောင်း ဆိုသည်။မြန်မာနိုင်ငံသည် အီကွေတာနှင့် နီးကပ်ပြီး တစ်နှစ်ပတ်လုံး နေရောင်ခြည်စွမ်းအင် ရရှိနိုင်သဖြင့် အရှေ့တောင်အာရှဒေသ၌ ဆိုလာစွမ်းအင်ထုတ်လုပ်နိုင်မှု အလားအလာကောင်းမွန်သည့် နိုင်ငံများအနက် ပါဝင်ကြောင်း အထူးသဖြင့် မကွေး၊ မန္တလေးနှင့် စစ်ကိုင်းတိုင်းဒေသကြီးတို့ရှိ မြန်မာနိုင်ငံအလယ်ပိုင်း မိုးနည်းရပ်ဝန်းများသည် ဆိုလာစွမ်းအင်ထုတ်လုပ်ရေးအတွက် အလားအလာကောင်းမွန်သည့် ဒေသများဖြစ်ကြောင်း သိရသည်။


