တောင်ကိုရီးယားနိုင်ငံတွင် ၂၀၂၆ ခုနှစ် မေလအတွင်း မွေးဖွားခဲ့သည့် ကလေးငယ် အရေအတွက်သည် ၂၃,၁၆၀ အထိ ရှိခဲ့ပြီး ယခင်နှစ် ကာလတူနှင့် နှိုင်းယှဉ်ပါက ၁၃.၆ ရာခိုင်နှုန်း (ကလေးငယ် ၂,၇၈၁ ဦး) တိုးတက်လာခဲ့ကြောင်း စာရင်းအင်းဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။
ယခုကဲ့သို့ မေလအတွင်း မွေးဖွားနှုန်း မြင့်တက်မှုသည် ၂၀၁၉ ခုနှစ်နောက်ပိုင်း ရနှစ်အတွင်း အမြင့်ဆုံး ပမာဏ ဖြစ်လာခဲ့ပြီး၊ စာရင်းအင်းများ စတင်ကောက်ယူခဲ့သည့် ၁၉၈၁ ခုနှစ်နောက်ပိုင်း မေလတစ်လတည်းအတွက် တိုးတက်မှုနှုန်း အမြင့်ဆုံး စံချိန်လည်း ဖြစ်သည်။ တောင်ကိုရီးယား၏ လစဉ် မွေးဖွားနှုန်းသည် ၂၀၂၄ ခုနှစ် ဇူလိုင်လမှစ၍ ၂၃ လဆက်တိုက် တိုးတက်လျက်ရှိသည်။
အဆိုပါ မွေးဖွားနှုန်း မြင့်တက်လာရခြင်းမှာ လွန်ခဲ့သည့် နှစ်များအတွင်း မင်္ဂလာဆောင်သည့် စုံတွဲ အရေအတွက် ပြန်လည်များပြားလာခြင်း၊ အသက် ၃၀ ကျော် အမျိုးသမီး လူဦးရေ ရာခိုင်နှုန်းများပြားလာခြင်းနှင့် လူငယ်များအကြား အိမ်ထောင်ပြုခြင်းနှင့် ကလေးယူခြင်းအပေါ် အပြုသဘောဆောင်သည့် အမြင်များ တိုးတက်လာခြင်းတို့ကြောင့် ဖြစ်သည်ဟု သုံးသပ်ထားကြသည်။


