လာအိုနိုင်ငံ ခမ်မွန် (Khammouane) ပြည်နယ် Khounkham ခရိုင်တွင် အပူပိုင်းမုန်တိုင်း မေဆတ် (Maysak) နှင့် ဘာဗီ (Bavi) တို့ကြောင့် မိုးသည်းထန်းစွာ ဆက်တိုက်ရွာသွန်းပြီး ပြင်းထန်သော ရေကြီးရေလျှံမှုများ ဖြစ်ပွားခဲ့ရာ ကျေးရွာ ၉ ရွာမှ မိသားစုပေါင်း ၁,၃၆၅ စု (လူဦးရေ ၆,၅၆၃ ဦး) ရေဘေးသင့်ခဲ့ကြောင်း ခရိုင် သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲရေး ကော်မတီ၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။
မုန်တိုင်းနှစ်ခု၏ သက်ရောက်မှုကြောင့် ကျေးရွာ ၁၉ ရွာရှိ စပါးစိုက်ဧက ၃,၂၃၄ ဟက်တာအပြင် ကာဆာဗာ (ပလောပီနံ) စိုက်ခင်းများ၊ ရာဘာစိုက်ခင်းများ၊ ဆည်မြောင်းစနစ်များနှင့် မွေးမြူရေးတိရစ္ဆာန်များ ရေစီးနှင့်မျောပါ ပျက်စီးခဲ့ရပြီး စုစုပေါင်း ဆုံးရှုံးမှုတန်ဖိုးမှာ လာအိုကီးပ် ၃၉.၇ ဘီလီယံ (အမေရိကန်ဒေါ်လာ ၁.၇၅ သန်းခန့်) ရှိခဲ့သည်။ သက်ဆိုင်ရာ အာဏာပိုင်များအနေဖြင့် ဘေးလွတ်ရာသို့ ရွှေ့ပြောင်းပေးခြင်းနှင့် ကူညီကယ်ဆယ်ရေး လုပ်ငန်းများကို ဆက်လက် ဆောင်ရွက်ပေးလျက်ရှိသည်။


