ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ တာချီလိတ်မြို့တွင် မနေ့ နေ့လယ်ပိုင်းက နာရီဝက်ခန့်သာ မိုးရွာသွန်းခဲ့သော်လည်း အနိမ့်ပိုင်း ရပ်ကွက်များ၌ လမ်းများပေါ် ရေလျှံပြီး အိမ်အချို့အတွင်း ရေဝင်ရောက်မှု ဖြစ်ပွားခဲ့သည်။တာလော့၊ ပုန်းထွန်၊ ဆန်ဆိုင်း၊ မကာဟိုခမ်း၊ မယ်ခေါင် စသည့် ရပ်ကွက်များတွင် ရေလျှံခဲ့ခြင်းဖြစ်ပြီး မယ်ဆိုင်ချောင်းရေသည် စိုးရိမ်ရေမှတ်သို့ မရောက်ရှိသေးသော်လည်း မြစ်ဖျားပိုင်း မိုးရွာသွန်းမှုကြောင့် ချောင်းရေ တက်လာနေသဖြင့် ရေထိန်းတံခါးများဖြင့် ထိန်းကျောင်းပေးထားရသည်။ တာချီလိတ်မြို့အတွင်း ချောင်းရေမြင့်တက်ပါက ရေကြီးရေလျှံမှု နည်းစေရန် ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့ဝင်များနှင့် ဒေသခံများပူးပေါင်း၍ ပုန်းထွန်၊ တာလော့နှင့် မယ်ခေါင် ရပ်ကွက်တို့ရှိ ရေထိန်းတံခါးများကို ဖွင့်/ပိတ် လုပ်ဆောင်ကာ ထိန်းသိမ်းနေရကြောင်း သိရသည်။


