ရန်ကုန်-မန္တလေး ပြေးဆွဲနေသည့် အမှတ် (၃) အဆန် DEMU လူစီးအမြန်ရထား ပထမတန်းတွဲပေါ်၌ အရက်သောက်မူးယစ်ကာ ခရီးသည်များကို အနှောင့်အယှက်ပေးခဲ့သည့် အမျိုးသား (၃) ဦးကို မီးရထားရဲတပ်ဖွဲ့က ထိန်းသိမ်းခဲ့သည်။ ဇူလိုင် ၂၀ ရက် နံနက်ပိုင်းက ဖြစ်ပွားခဲ့သည့် အဆိုပါဖြစ်စဉ်မှ ပါဝင်သူ (၃) ဦးကို ရမည်းသင်းမြို့မရဲစခန်းတွင် ရထားပို့ဆောင်ရေးလုပ်ငန်းဥပဒေ ပုဒ်မ ၈၈ (က) ဖြင့် အမှုဖွင့် အရေးယူထားကြောင်း သိရသည်။ မြန်မာ့မီးရထားအနေဖြင့် ခရီးသည်များ ဘေးကင်းလုံခြုံရေးနှင့် စိတ်ငြိုငြင်မှုမရှိစေရေးအတွက် စည်းကမ်းဖောက်ဖျက်သူများကို ယခုကဲ့သို့ ထိရောက်စွာ အရေးယူဆောင်ရွက်ခဲ့ခြင်း ဖြစ်သည်။


