ထိုင်း-မြန်မာနယ်စပ်၊ ချင်းရိုင်ပြည်နယ်၊ မယ်ဆိုင်မြို့ရှိ အမှတ် (၁) ထိုင်း-မြန်မာ ချစ်ကြည်ရေးတံတားအနီးတွင် တရားမဝင် ပြေးဆွဲနေသည့် မြန်မာလိုင်စင်တပ် တက္ကစီနှင့် သုံးဘီး/လေးဘီးယာဉ်များကို မယ်ဆိုင်ရဲစခန်း၊ လူဝင်မှုကြီးကြပ်ရေးနှင့် အလုပ်သမား ညွှန်ကြားမှုဦးစီးဌာနတို့ ပူးပေါင်း၍ ယခုရက်ပိုင်းအတွင်း စစ်ဆေးရှင်းလင်းခဲ့ကြောင်း သိရသည်။အဆိုပါ ဂိတ်ထိုင်ပြေးဆွဲမှုများကြောင့် ဒေသခံများနှင့် ခရီးသွားများ ယာဉ်ရပ်နားရန် အခက်အခဲဖြစ်ပေါ်ပြီး ယာဉ်ကြောပိတ်ဆို့မှုများ ဖြစ်ပွားခဲ့သဖြင့် အာဏာပိုင်များက မြန်မာယာဉ်မောင်းများကို ခေါ်ယူတွေ့ဆုံကာ တရားမဝင် ဂိတ်ထိုင်ခြင်းနှင့် ခရီးသည် စောင့်ဆိုင်းခြင်းများကို ချက်ချင်းရပ်တန့်ရန် သတိပေးခဲ့သည်။ ထိုင်းနိုင်ငံတွင် အငှားယာဉ်မောင်းနှင်ခြင်းသည် နိုင်ငံခြားသားများ လုပ်ကိုင်ခွင့်မရှိသည့် တားမြစ်လုပ်ငန်းဖြစ်၍ ဖမ်းဆီးပါက ဒဏ်ငွေ ဘတ် ၅,၀၀၀ သို့မဟုတ် ထောင်ဒဏ် (၁ ညလျှင် ဘတ် ၅၀၀ နှုန်းဖြင့် ၁၀ ညအထိ) ကျခံရမည်ဖြစ်သည်။
သို့သော် လူသားချင်းစာနာမှုအရ ခရီးသည် လာရောက်ပို့ဆောင်ပြီး ချက်ချင်းပြန်လည်ထွက်ခွာခြင်းကို ခွင့်ပြုထားပြီး လက်ရှိတွင် အဆိုပါ နယ်စပ်တစ်လျှောက် ယာဉ်ကြောများ ပြန်လည်ရှင်းလင်းသွားပြီဖြစ်ကြောင်း သိရသည်။


