ယူအေအီးနိုင်ငံရှိ အိန္ဒိယ သံရုံးနှင့် ကောင်စစ်ဝန်ရုံးတို့၏ ပတ်စပို့၊ ဗီဇာနှင့် ကောင်စစ်ဝန်ဆိုင်ရာ ဝန်ဆောင်မှုများကို Alhind Tours and Travels ကုမ္ပဏီက အော်ပရေတာသစ်အဖြစ် စတင်တာဝန်ယူ ဆောင်ရွက်ပေးလျက်ရှိသည်။ အဆိုပါ ဝန်ဆောင်မှုများကို အဘူဒါဘီ၊ ဒူဘိုင်း၊ ရှာဂျာ စသည့် စာချုပ်ပါ ပြည်နယ် ၇ ခုစလုံးတွင် စင်တာပေါင်း ၁၆ ခု ဖွင့်လှစ်၍ ဝန်ဆောင်မှုပေးနေခြင်း ဖြစ်သည်။ ယခင် ဝန်ဆောင်မှုပေးသူ BLS International ၏ နေရာတွင် အစားထိုး တာဝန်ယူခြင်းဖြစ်ပြီး ဝန်ဆောင်မှုစရိတ်အဖြစ် တစ်ကြိမ်လျှင် ၁၉ ဒရမ် (Dh19) သတ်မှတ်ထားသည်။
ယူအေအီးနိုင်ငံတွင် နေထိုင်သည့် အိန္ဒိယနွယ်ဖွား ၄ ဒသမ ၃ သန်းကျော်အတွက် ပတ်စပို့ သက်တမ်းတိုးခြင်း၊ ဗီဇာ လျှောက်ထားခြင်းနှင့် စာရွက်စာတမ်း အထောက်အထားပြုခြင်း ဝန်ဆောင်မှုများကို အဆင်ပြေချောမွေ့စွာ ဆောင်ရွက်နိုင်ရန် ယခုကဲ့သို့ စင်တာအသစ်များ တိုးချဲ့ဖွင့်လှစ်ခဲ့ခြင်းဖြစ်သည်။ ခရီးသွားများနှင့် လျှောက်ထားသူများအနေဖြင့် အွန်လိုင်းပေါ်မှတစ်ဆင့် ကြိုတင် ရက်ချိန်း (Appointment) ရယူကာ နီးစပ်ရာ စင်တာများသို့ သွားရောက် လျှောက်ထားနိုင်ကြောင်း သိရသည်။


