ကယား(ကရင်နီ)ပြည်၊ ဒီးမော့ဆိုမြို့နယ် အနောက်ဘက်ခြမ်းတွင် ဇူလိုင်လ ဒုတိယပတ် (ဇူလိုင် ၁၀ ရက်) မှစ၍ မြင့်တက်လာသည့် ဓာတ်ဆီဈေးနှုန်းမှာ တစ်ပတ်ကျော်ကြာသည်အထိ ပြန်မကျသေးဘဲ တစ်လီတာလျှင် ကျပ် ၈,၀၀၀ မှ ၉,၀၀၀ အထိ ပေးဝယ်နေရကြောင်း ဒေသခံများထံမှ သိရသည်။အဆိုပါ စက်သုံးဆီဈေးနှုန်း မြင့်တက်လာရခြင်းမှာ တောင်ငူဘက်မှ ဆီတင်သွင်းရာတွင် ဝယ်ယူရခက်ခဲခြင်း၊ လမ်းပန်းဆက်သွယ်ရေး အဆင်မပြေခြင်းတို့အပြင် ဓာတ်ဆီ (92) ကို ခွဲတမ်းစနစ်ဖြင့်သာ ဝယ်ယူနေရသောကြောင့် ဖြစ်သည်ဟု ဆီရောင်းချသူများက ပြောသည်။ ယင်းသို့ စက်သုံးဆီဈေးနှုန်း စံချိန်တင် မြင့်တက်နေမှုကြောင့် ဒေသတွင်း သွားလာရေးစရိတ်များ မြင့်တက်လာသည့်အပြင် လယ်ယာစိုက်ပျိုးရေး လုပ်ကိုင်နေကြသည့် တောင်သူများအနေဖြင့်လည်း စက်ငှားရမ်းခနှင့် ကုန်ကျစရိတ်များ ပိုမိုကြီးမြင့်လာသဖြင့် အခက်အခဲများနှင့် ရင်ဆိုင်နေကြရသည်။


