စင်ကာပူအစိုးရသည် အခြေခံအလုပ်သမားများ၏ လုပ်ငန်းခွင်အကျိုးခံစားခွင့်နှင့် လူမှုဘဝမြှင့်တင်ရန်အတွက် ပြင်ပကန်ထရိုက်စနစ် (Outsourced) ဖြင့် လုပ်ကိုင်နေကြသော တိုးတက်ပြောင်းလဲလာသည့် လစာနှုန်းထားစနစ် (Progressive Wage Model - PWM) အကျုံးဝင် အလုပ်သမားများ၏ အနည်းဆုံး နှစ်စဉ်ခွင့်ရက် (Minimum annual leave) ကို လက်ရှိ ၇ ရက်မှ ၁၀ ရက်အထိ တိုးမြှင့်သတ်မှတ်ပေးရန် စီစဉ်နေကြောင်း ဇူလိုင် ၁၉ ရက်နေ့တွင် ထုတ်ပြန်ခဲ့သည်။ ဤပြောင်းလဲမှုသည် သန့်ရှင်းရေးဝန်ထမ်းများ၊ လုံခြုံရေးဝန်ထမ်းများနှင့် ရှုခင်းအလှဆင် (Landscape) အလုပ်သမားများအပါအဝင် အောက်ခြေကဏ္ဍများမှ အလုပ်သမား ထောင်ပေါင်းများစွာကို အကျိုးခံစားခွင့် ရရှိစေမည်ဖြစ်သည်။စင်ကာပူ လူအင်အားဝန်ကြီးဌာန (MOM) ၏ ပြောကြားချက်အရ အဆိုပါ အနိမ့်ဆုံးခွင့်ရက် ၁၀ ရက် သတ်မှတ်ချက်သည် PWM စနစ်အောက်ရှိ ပြင်ပဝန်ဆောင်မှုပေးသည့် ကုမ္ပဏီများအားလုံး လိုက်နာရမည့် စည်းကမ်းချက်ဖြစ်လာမည်ဖြစ်သည်။အလုပ်သမားများအနေဖြင့် လုပ်ငန်းခွင်အတွင်း လုပ်သက်တစ်နှစ်ပြည့်ပါက ဤခွင့်ရက်သစ်ကို စတင်ခံစားခွင့်ရှိမည် ဖြစ်သည်။ အစိုးရအနေဖြင့် ယခုကဲ့သို့ ခွင့်ရက်တိုးမြှင့်ပေးခြင်းဖြင့် အလုပ်သမားများ စိတ်ပိုင်းနှင့် ရုပ်ပိုင်းဆိုင်ရာ အပန်းဖြေခွင့် ပိုမိုရရှိစေရန်၊ လုပ်ငန်းခွင်စွမ်းဆောင်ရည် မြင့်တက်လာစေရန်နှင့် ဤကဏ္ဍများတွင် လုပ်ကိုင်လိုသည့် ပြည်တွင်းလုပ်သား အင်အားစုကို ပိုမိုဆွဲဆောင်နိုင်ရန် မျှော်မှန်းထားကြောင်း ဖော်ပြထားသည်။


