နေပြည်တော် အိမ်ခြံမြေဈေးကွက်တွင် ရင်းနှီးမြှုပ်နှံသူများနှင့် ပြောင်းရွှေ့နေထိုင်သူများပြားလာသဖြင့် ပြီးခဲ့သည့်နှစ်နှင့်နှိုင်းယှဉ်ပါက မြေကွက်နှင့် လုံးချင်းအိမ်ဈေးနှုန်းများ ၂၀ ရာခိုင်နှုန်းမှ ၃၀ ရာခိုင်နှုန်းအထိ မြင့်တက်လာကြောင်း မြန်မာနိုင်ငံအိမ်ခြံမြေဝန်ဆောင်မှုအသင်း (နေပြည်တော်) မှ သိရသည်။ လက်ရှိတွင် ကျပ်သိန်း ၁,၀၀၀ ဝန်းကျင်မှ သိန်း ၁၀,၀၀၀ ကျော်အထိ ပေါက်ဈေးရှိနေပြီး၊ ၄၀ ပေ × ၆၀ ပေ အကျယ်အဝန်းရှိ ကျပ်သိန်း ၅,၀၀၀ အောက် ဈေးတန်း မြေကွက်နှင့် လုံးချင်းအိမ်များ အရောင်းအဝယ်အများဆုံးဖြစ်နေသည်။တိုက်ခန်းနည်းပါးသည့် နေပြည်တော်တွင် ကိုယ်ပိုင်မြေကွက်နှင့် လုံးချင်းအိမ်များကို ပိုမိုဝယ်ယူကြပြီး မြို့နယ်ငါးခုစလုံးတွင် အရောင်းအဝယ်ရှိသည့်အနက် ပုဗ္ဗသီရိနှင့် ဒက္ခိဏသီရိမြို့နယ်တို့တွင် အများဆုံးဖြစ်သည်။ ဝယ်ယူသူများတွင် နေပြည်တော်၌ အမှန်တကယ်ပြောင်းရွှေ့နေထိုင်မည့်သူများအပြင် ပြန်လည်ရောင်းချရန် ဝင်ရောက်ရင်းနှီးမြှုပ်နှံသည့် မန္တလေးမှ ဝယ်ယူသူများ အများဆုံးပါဝင်နေသည်။ အငှားဈေးကွက်မှာမူ ပုံမှန်သာရှိပြီး အရောင်းဈေးကွက်လောက် သွက်လက်ခြင်းမရှိကြောင်း ဒေသတွင်းအိမ်ခြံမြေလုပ်ငန်းရှင်များထံမှ သိရသည်။
Jul 21 • 2:28 AM
မြန်မာ
နေပြည်တော်
မျှဝေမည်
| 29 | 0 | 0 | 0 |


