ရန်ကုန်မြို့၊ ဗဟန်းမြို့နယ်၊ ဗိုလ်ချို (၁) ရပ်ကွက်ရှိ ဗိုလ်ချုပ်အောင်ဆန်းပြတိုက်တွင် ယခင်နှစ်များက ပြသခဲ့ခြင်းမရှိသည့် အထူးပြကွက်များကို ယခုနှစ်တွင် အသစ်တိုးချဲ့ခင်းကျင်းပြသထားကြောင်း အမျိုးသားပြတိုက် (ရန်ကုန်) မှ သိရသည်။ယခုနှစ်တွင် တိုးချဲ့ပြသသည့် ပြကွက်များအဖြစ် ဗိုလ်ချုပ်အောင်ဆန်းတို့ မိသားစု အသုံးပြုခဲ့ကြသည့် မီးဖိုဆောင်ခန်း၊ စတိုခန်းနှင့် ၎င်းအခန်းများအတွင်းရှိ ပန်းကန်ခွက်ယောက်များကို တစ်ချပ်ချင်းစီ စနစ်တကျ ခင်းကျင်းပြသထားသည်။ ထို့ပြင် ဗိုလ်ချုပ်အောင်ဆန်း၏ ဘဝဖြစ်စဉ်မှတ်တမ်းများနှင့် နေအိမ်၏ သမိုင်းရာဇဝင်များကိုလည်း ခေတ်မီဒစ်ဂျစ်တယ် (Digital) နည်းပညာသုံး ပြကွက်များအဖြစ် ပြောင်းလဲတိုးမြှင့် ပြသထားကြောင်း အမျိုးသားပြတိုက် (ရန်ကုန်) ၏ ဒုတိယညွှန်ကြားရေးမှူး ဒေါ်သီသီသောင်းက ပြောကြားသည်။လက်ရှိပြတိုက်အတွင်း၌ အိပ်ခန်း၊ ထမင်းစားခန်း၊ စာဖတ်ခန်း၊ ကလေးအိပ်ခန်း၊ အထူးအစည်းအဝေးခန်း၊ ဘုရားခန်း၊ ဗိုလ်ချုပ်အောင်ဆန်း အားလပ်ချိန်တွင် ကိုယ်တိုင်စိုက်ပျိုးခဲ့သည့် စိုက်ခင်းနှင့် ဗိုလ်ချုပ် စီးနင်းအသုံးပြုခဲ့သော အင်္ဂလန်နိုင်ငံထုတ် မော်တော်ယာဉ်တို့ကို လေ့လာနိုင်ရန် ပြသထားသည်။ ဇူလိုင်လ ၁၉ ရက်နေ့တွင် ကျရောက်သည့် အာဇာနည်နေ့၌လည်း တိုင်းပြည်အတွက် အသက်စွန့်ခဲ့သည့် ဗိုလ်ချုပ်အား လေးစားဂုဏ်ပြုသောအားဖြင့် လာရောက်လေ့လာသူ ပြည်သူများဖြင့် အထူးစည်ကားခဲ့သည်။ဗိုလ်ချုပ်အောင်ဆန်းပြတိုက်ကို အပတ်စဉ် အင်္ဂါနေ့မှ တနင်္ဂနွေနေ့အထိ နံနက် ၉ နာရီခွဲမှ ညနေ ၄ နာရီခွဲအထိ ဖွင့်လှစ်ပေးလျက်ရှိပြီး ပြည်တွင်းခရီးသွားများကို အခမဲ့ ဝင်ရောက်လေ့လာခွင့်ပြုထားကာ ပြည်ပနိုင်ငံခြားသား ခရီးသွားများကိုမူ တစ်ဦးလျှင် ဝင်ကြေး ကျပ် ၅,၀၀၀ နှုန်း သတ်မှတ်ကောက်ခံလျက်ရှိကြောင်း သိရသည်။
ရန်ကုန်ရှိ ဗိုလ်ချုပ်အောင်ဆန်းပြတိုက် တွင် အထူးပြကွက်အသစ်များနှင့် ဒစ်ဂျစ်တယ်ပြကွက်များ တိုးချဲ့ပြသထား
Jul 20 • 2:26 AM
မြန်မာ
ရန်ကုန်
မျှဝေမည်
| 35 | 0 | 0 | 0 |


