ရှမ်းပြည်နယ် (တောင်ပိုင်း)၊ လွိုင်လင်မြို့နယ်၊ ပင်လုံမြို့ရှိ ပအိုဝ်းစာပေနှင့် ယဉ်ကျေးမှုအဖွဲ့က ဦးဆောင်ဖွင့်လှစ်ထားသော ကျေးလက်လူငယ်ပြုစုပျိုးထောင်ရေးကျောင်းတွင် ဇူလိုင်လ ၁၉ ရက်နေ့က ဝါဆိုသင်္ကန်းကပ်လှူခြင်း၊ ပရိတ်တရားတော်နာယူခြင်းနှင့် တက္ကသိုလ်ဝင်တန်း အောင်မြင်သူများအား ဂုဏ်ပြုခြင်း အခမ်းအနားကို ကျင်းပခဲ့သည်။နံနက်ပိုင်းတွင် ပင့်ဖိတ်ထားသော သံဃာတော်အရှင်သူမြတ်များအား ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများက ဝါဆိုသင်္ကန်းနှင့် နေ့ဆွမ်းများ ဆက်ကပ်လှူဒါန်းခဲ့ကြပြီး ပရိတ်တရားတော်များ နာယူကြည်ညိုခဲ့ကြသည်။မွန်းလွဲ ၁ နာရီတွင် (၂၀၂၅-၂၀၂၆) ပညာသင်နှစ် တက္ကသိုလ်ဝင်တန်း (Grade-12) စာမေးပွဲတွင် ထူးချွန်စွာ အောင်မြင်ခဲ့ကြသည့် ကျောင်းသား၊ ကျောင်းသူများအား ဂုဏ်ပြုပွဲကို ဆက်လက်ကျင်းပခဲ့သည်။ ယင်းကျောင်းမှ တက္ကသိုလ်ဝင်တန်းစာမေးပွဲတွင် ကျောင်းသား၊ ကျောင်းသူ ၂၂ ဦး ဝင်ရောက်ဖြေဆိုခဲ့ရာ ၁၅ ဦး အောင်မြင်ခဲ့သဖြင့် အောင်ချက်ရာခိုင်နှုန်း ၆၈.၁၈% ရှိကြောင်း သိရသည်။


