တောင်ကိုရီးယားနိုင်ငံ KTX မြန်နှုန်းမြင့်ရထားလမ်း တည်ဆောက်ရေးလုပ်ငန်းခွင်၌ ဇူလိုင်လ ၁ ရက်နေ့က စက်အတွင်းညပ်မိကာ အသက်ဆုံးရှုံးခဲ့ရသည့် မြန်မာရွှေ့ပြောင်းလုပ်သား ကိုအောင်မင်းဦး၏ နာရေးအခမ်းအနားသို့ ဆောက်လုပ်ရေးကုမ္ပဏီ SK ecoplant ၏ အမှုဆောင်အရာရှိချုပ် (CEO) ကင်ယောင်းဆစ်က ဇူလိုင်လ ၁၈ ရက်တွင် ကိုယ်တိုင်သွားရောက်၍ တရားဝင်တောင်းပန်ခဲ့သည်။ CEO ကင်ယောင်းဆစ်က ကျန်ရစ်သူမိသားစုအား ဝမ်းနည်းစကားပြောကြားကာ လုပ်ငန်းခွင်မတော်တဆမှုများ ထပ်မံမဖြစ်ပွားစေရန် လုံခြုံရေးအစီအမံများ ချမှတ်သွားမည်ဟု ကတိပြုခဲ့ပြီး၊ အဆိုပါလုံခြုံရေးပြုပြင်ပြောင်းလဲမှုအစီအစဉ်များကို မချမှတ်မီ သေဆုံးသူ၏ဇနီးဖြစ်သူထံ ဦးစွာတင်ပြဆွေးနွေးသွားမည်ဖြစ်သည်။
နှစ်ဦးနှစ်ဖက် သဘောတူညီချက်အရ ကုမ္ပဏီဘက်မှ တရားဝင်တောင်းပန်ရန်၊ မတော်တဆမှုကို စနစ်တကျစုံစမ်းစစ်ဆေးရန်နှင့် သေဆုံးသူ၏လုပ်ဖော်ကိုင်ဖက်များအတွက် စိတ်ဒဏ်ရာကုသစရိတ်နှင့် လုပ်ခလစာများကို ထောက်ပံ့ပေးရန် သဘောတူညီခဲ့ကြသည်။ တောင်ကိုရီးယားနိုင်ငံဆိုင်ရာ ကိုယ်စားလှယ် ဦးရန်နိုင်ထွန်းနှင့် အဖွဲ့ဝင်များသည်လည်း နာရေးသို့ သွားရောက်ကာ ကွယ်လွန်သူအတွက် ဆုတောင်းပေးခဲ့ပြီး ကိုရီးယားအလုပ်သမားသမဂ္ဂများအဖွဲ့ချုပ် (KCTU)၊ လွှတ်တော်အမတ်တို့နှင့် တွေ့ဆုံကာ ကိုအောင်မင်းဦးအတွက် ဥပဒေနှင့်အညီ ရပိုင်ခွင့်များ အပြည့်အဝရရှိရေးနှင့် မြန်မာလုပ်သားများ ဘေးကင်းလုံခြုံစွာ အလုပ်လုပ်ကိုင်နိုင်ရေးတို့အတွက် ညှိနှိုင်းဆွေးနွေးခဲ့ကြောင်း သိရသည်။


