မန္တလေးမြို့တွင် မိမိ၏ လျှပ်စစ်မီတာအား တရားမဝင် ပြုပြင်ဆောင်ရွက်ထားကြောင်း အိမ်ရှင်ကိုယ်တိုင် Call Center Hotline သို့ ဖုန်းဆက်အကြောင်းကြားခဲ့သည့်အပေါ် အဆိုပါအိမ်ရှင်ကို ကျေးဇူးတင်ရှိကြောင်း မန္တလေးလျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်းက ဇူလိုင်လ ၁၉ ရက်နေ့တွင် အသိပေးထုတ်ပြန်သည်။ပြီးခဲ့သည့် ဇူလိုင်လ ၁၇ ရက်နေ့က ချမ်းမြသာစည်မြို့နယ်၊ ချမ်းမြသာစည်တောင်ရပ်ကွက်ရှိ နေအိမ်တစ်အိမ်မှ အိမ်ရှင်ကိုယ်တိုင် မီတာမသမာမှုပြုလုပ်ထားကြောင်း ဆက်သွယ်အကြောင်းကြားခဲ့ခြင်း ဖြစ်သည်။ ထိုသို့ ကိုယ်တိုင်သတင်းပေး ပူးပေါင်းခဲ့သည့်အတွက်ကြောင့် ဌာနလုပ်ထုံးလုပ်နည်းအတိုင်း တရားစွဲဆိုခြင်း မပြုသည့်အပြင်၊ ဓာတ်အားဖြတ်တောက်ခြင်းနှင့် ဒဏ်ကြေးတောင်းခံခြင်းများလည်း ပြုလုပ်မည်မဟုတ်ကြောင်း သိရသည်။ ထို့ပြင် နစ်နာကြေးများကို လျှော့ပေါ့တွက်ချက်ပေးမည့်အပြင် မီတာအသစ်တစ်လုံးကိုလည်း အမြန်ဆုံး လဲလှယ်တပ်ဆင်ပေးမည် ဖြစ်သည်။လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနအနေဖြင့် လျှပ်စစ်ဓာတ်အားကို တရားမဝင်ရယူသုံးစွဲထားသူများရှိပါက ၂၀၂၆ ခုနှစ်၊ ဇူလိုင်လ ၃၁ ရက်နေ့ နောက်ဆုံးထား၍ သက်ဆိုင်ရာမြို့နယ်လျှပ်စစ်မန်နေဂျာရုံးများသို့ ကိုယ်တိုင်လာရောက်အသိပေးကြရန်နှင့် ထိုသို့အသိပေးလာပါက ဖြေလျှော့မှုများ ပြုလုပ်ပေးမည်ဖြစ်ကြောင်း ထုတ်ပြန်ထားပြီး ဖြစ်သည်။



