မန္တလေးမြို့ရှိ အာနန္ဒာဘုရားသည် ပြီးခဲ့သည့် ၂၀၂၅ ခုနှစ် မတ်လအတွင်းက လှုပ်ခတ်ခဲ့သည့် ငလျင်ကြောင့် ပျက်စီးမှုများရှိခဲ့ပြီးနောက်ပိုင်း ပြည်တွင်းခရီးသွားများအကြား စိတ်ဝင်စားမှု ပိုမိုမြင့်တက်လာကြောင်း ဒေသခံခရီးသွားဝန်ဆောင်မှုလုပ်ငန်းများထံမှ သိရသည်။ အွန်လိုင်းပေါ်မှတစ်ဆင့် လူသိများလာခဲ့သည့် အဆိုပါဘုရားသို့ လက်ရှိတွင် နေ့စဉ် ဒေသခံနှင့် ခရီးသွားရာချီ ဝင်ရောက်လျက်ရှိပြီး ရုံးပိတ်ရက်နှင့် ကျောင်းပိတ်ရက်များတွင် လာရောက်သူ တစ်သောင်းထက်မနည်း ရှိနေသည်။
မန္တလေးအာနန္ဒာဘုရားသည် မဟာမုနိရုပ်ပွားတော်မြတ်ကြီး၏ တောင်ဘက်စောင်းတန်းအတိုင်း သွားရောက်ရပြီး ပုဂံရှိ အာနန္ဒာဘုရား ပုံသဏ္ဍာန်အတိုင်း တည်ဆောက်ထားခြင်း ဖြစ်သည်။ အဆိုပါစေတီတော်သည် ဘိုးတော်ပဒုံမင်းလက်ထက်က သိမ်တော်ကြီးအဖြစ် စတင် ဆောက်လုပ်ခဲ့ခြင်းဖြစ်ကာ မြန်မာနှစ် ၁၁၉၉ ခုနှစ် ငလျင်တွင် ပြိုကျပျက်စီးခဲ့ဖူးသည်။ ထို့နောက် သာယာဝတီမင်း၏ မိဖုရားနှင့် ရသေ့ကြီးဦးခန္တီတို့က အဆင့်ဆင့် ပြန်လည်ပြုပြင်ခဲ့ကြသော်လည်း အပြီးမသတ်နိုင်ခဲ့ဘဲ ၁၃၂၇ ခုနှစ်ကျမှသာ ဆရာတော် သံဃာတော်များနှင့် ပြည်သူများက အပြီးသတ် ထီးတော်တင်နိုင်ခဲ့ခြင်း ဖြစ်သည်။ လက်ရှိတွင် ၂၀၂၅ ခုနှစ် မတ်လ ၂၈ ရက်က လှုပ်ခတ်ခဲ့သော မန္တလေးငလျင်ကြောင့် စေတီတော်အထက်ပိုင်း ပြိုကျပျက်စီးခဲ့ရပြီးနောက်ပိုင်း ဘုရားဖူးခရီးစဉ်အဖြစ် ပိုမိုနာမည်ကြီးလာခဲ့ခြင်း ဖြစ်သည်။



