ထိုင်းနိုင်ငံပိုင် ရထားလုပ်ငန်း (SRT) သည် လာမည့် ဩဂုတ်လ ၁ ရက်နေ့မှစ၍ ဘန်ကောက်ရှိ Krung Thep Aphiwat Central Terminal နှင့် အယုဒ္ဓယမြို့အကြား ပြေးဆွဲပေးမည့် "SRT BANGKOK CONNEX (BNEX)" အဲကွန်းရထားခရီးစဉ်အသစ်ကို နေ့စဉ် စတင်ပြေးဆွဲပေးတော့မည်ဖြစ်သည်။ အဆိုပါခရီးစဉ်သည် ဂျပန်နိုင်ငံမှ တင်သွင်းကာ ပြန်လည်မွမ်းမံထားသည့် KIHA 40/48 ဒီဇယ်ရထားတွဲများ ဖြစ်ပြီး၊ လက်မှတ်ခကို အနည်းဆုံး ၃၀ ဘတ်မှ စတင်သတ်မှတ်ထားသည်။ခရီးစဉ်သစ်ကို သွားလာသူများ အဆင်ပြေစေရန် ကြားရက်နှင့် ပိတ်ရက် အချိန်ဇယားများ ခွဲခြားထားသည်။ တနင်္လာမှ သောကြာအထိ ကြားရက်များတွင် တစ်နေ့လျှင် အသွားအပြန် ၆ ခေါက် ပြေးဆွဲမည်ဖြစ်ပြီး ပထမဆုံးရထားမှာ မနက် ၅ နာရီ ၁၅ မိနစ်တွင် ထွက်ခွာမည်ဖြစ်သည်။ စနေနှင့် တနင်္ဂနွေ ပိတ်ရက်များတွင်မူ တစ်နေ့လျှင် ၄ ခေါက် ပြေးဆွဲမည်ဖြစ်ပြီး မနက် ၉ နာရီ ၅ မိနစ်တွင် ပထမဆုံးရထား စတင်ထွက်ခွာမည်ဖြစ်သည်။ထို့ပြင် ဩဂုတ်လ ၁ ရက်နေ့မှ အောက်တိုဘာလ ၃၁ ရက်နေ့အထိ ၃ လကြာ အထူးပရိုမိုးရှင်းအနေဖြင့် လက်မှတ်ခကို အများဆုံး ၅၀ ဘတ်အထိသာ ကောက်ခံသွားမည်ဖြစ်ကြောင်း သိရသည်။



