ယခု ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ်တွင် ပြည်တွင်းအသားတင်ထုတ်လုပ်မှုနှင့် ဝန်ဆောင်မှုတန်ဖိုး (GDP) ကို ကျပ် ၁၉၅,၀၃၂ ဘီလီယံရရှိပြီး ၃ ဒသမ ၄ ရာခိုင်နှုန်းအထိ တိုးတက်လာစေရန် ရည်မှန်းဆောင်ရွက်နေကြောင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင်က ပြောကြားခဲ့ကြောင်း သိရသည်။ လယ်ယာကဏ္ဍကို အခြေခံသည့် နိုင်ငံ့စီးပွားရေးသည် ပြီးခဲ့သည့် ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ်တွင် GDP ၁ ဒသမ ၉ ရာခိုင်နှုန်း တိုးတက်ခဲ့ပြီး၊ ယခုနှစ်တွင် ၃ ဒသမ ၄ ရာခိုင်နှုန်းအထိ တိုးတက်ရန် မျှော်မှန်းထားခြင်း ဖြစ်သည်။ဝန်ကြီးဌာနအနေဖြင့် စားရေရိက္ခာဖူလုံရေး၊ စားသုံးဆီဖူလုံရေးနှင့် သီးနှံပန်းတိုင်အထွက်နှုန်း ရရှိရေးတို့အတွက် မူဝါဒ ၉ ခု ချမှတ်ကာ အလေးထားဆောင်ရွက်နေကြောင်း သိရသည်။ ထို့ပြင် တောင်သူလယ်သမားများကို စိုက်ပျိုးထုတ်လုပ်သူအဆင့်မှ လယ်ယာစီးပွားလုပ်ငန်းရှင်များအဖြစ် ပြောင်းလဲလာစေရန်နှင့် နည်းပညာ၊ မျိုးစေ့၊ စိုက်ပျိုးရေများ လုံလောက်စွာရရှိစေရန် ကူညီပေးသွားမည် ဖြစ်သည်။ ယခု GDP တိုးတက်မှုရည်မှန်းချက်နှင့် ပတ်သက်၍ ပြီးခဲ့သည့် မတ်လအတွင်းက ကျင်းပခဲ့သည့် ဘဏ္ဍာရေးကော်မရှင်အစည်းအဝေးတွင်လည်း ထည့်သွင်းပြောကြားခဲ့ကြောင်း သိရသည်။
Jul 19 • 2:04 AM
မြန်မာ
ပြည်တွင်း
မျှဝေမည်
| 33 | 0 | 0 | 0 |


