တရုတ်နိုင်ငံ အနောက်တောင်ပိုင်း ချုံချင့်မြို့၊ ဖန်ရွီခရိုင်တွင် ဇူလိုင်လ ၁၇ ရက် ဒေသစံတော်ချိန် နံနက် ၉ နာရီ ၁၀ မိနစ်ခန့်က ပြင်းထန်သော မြေပြိုမှုတစ်ခု ဖြစ်ပွားခဲ့ရာ ယနေ့အထိ အနည်းဆုံး လူ ၈ ဦး သေဆုံးပြီး ၃၄ ဦး ပျောက်ဆုံးနေကြောင်း သိရသည်။ အဆိုပါ မြေပြိုမှုကြောင့် တောင်ခြေရှိ လူနေအိမ်များနှင့် လမ်းမအချို့ ကျောက်ခဲ၊ မြေစာပုံများအောက် ရောက်ရှိသွားခဲ့ပြီး လက်ရှိတွင် ပိတ်မိနေသူ ၁၈ ဦးကို ကယ်ဆယ်နိုင်ခဲ့သော်လည်း ၎င်းတို့အနက် ၈ ဦးမှာ သေဆုံးသွားခဲ့ပြီဖြစ်ကြောင်း အတည်ပြုထားသည်။အခင်းဖြစ်ပွားရာနေရာသို့ ကယ်ဆယ်ရေးသမား ၈၀၀ ကျော် စေလွှတ်ကာ ရှာဖွေရေးလုပ်ငန်းများ လုပ်ဆောင်နေပြီး၊ တရုတ်အစိုးရအနေဖြင့် ကယ်ဆယ်ရေးနှင့် ကူညီထောက်ပံ့ရေးလုပ်ငန်းများအတွက် သဘာဝဘေးအန္တရာယ် ကယ်ဆယ်ရေးရန်ပုံငွေ ယွမ် သန်း ၅၀ ကို ချထားပေးခဲ့ကြောင်း သိရသည်။ တရုတ်သမ္မတ ရှီကျင့်ဖျင်ကလည်း ကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်နေစဉ်အတွင်း ဘက်စုံစစ်ဆေးမှုများပြုလုပ်ရန်နှင့် ဘေးအန္တရာယ်ဖြစ်ပွားရသည့် အကြောင်းအရင်းကို အမြန်ဆုံး ဖော်ထုတ်ရန် တိုက်တွန်းထားကြောင်း သိရသည်။ တရုတ်နိုင်ငံတွင် လွန်ခဲ့သည့် ၂ ပတ်ခန့်ကလည်း ကန်းစုပြည်နယ်၌ မြေပြိုမှုဖြစ်ပွားခဲ့ပြီး လူ ၂၁ ဦး သေဆုံးခဲ့သည့် ဖြစ်စဉ်တစ်ခု ရှိခဲ့ကြောင်း သိရသည်။


