ရာထူးဝင်စာမေးပွဲ လိမ်ညာမှုများပြဿနာကြောင့် ထိုင်းအစိုးရဝန်ထမ်း ၆,၀၀၀ နီးပါးတို့မှာရာထူးမှ ဖယ်ရှားခံရမည့်ရေးနှင့် ရင်ဆိုင်နေရကြောင်း ဇူလိုင် ၁၆ ရက် သတင်းများတွင် ရေးသားတင်ပြထားသည်။လက်ရှိအချိန်တွင် ရာထူးဝင်စာမေးပွဲများလိမ်ညာမှုပြဿနာနှင့် ပတ်သက်၍ ထိုင်းအစိုးရတာဝန်ရှိသူများက စုံစမ်းစစ်ဆေးမှုများ ပြုလုပ်လျက်ရှိရာ လူပေါင်းသုံးဦးကို ဖမ်းဆီးထားပြီးဖြစ်ကြောင်းထိုင်းအာဏာပိုင်များက ထုတ်ဖော်ပြောကြားထားသည်။အဂတိလိုက်စားမှုနှင့် လာဘ်ပေးလာဘ်ယူမှုပြဿနာများမှာ ထိုင်းနိုင်ငံ၌ ပုံမှန်ကြားရမြဲ သတင်းများဖြစ်သော် လည်း အစိုးရဝန်ထမ်း ၆,၀၀၀ နီးပါးအထိ အလုပ်ဖြုတ်ခံရနိုင်သည့် အဂတိပြဿနာမျိုးမှာ အလွန်ရှားပါးကြောင်း သိရသည်။ထိုင်းအစိုးရ စုံစမ်းစစ်ဆေးရေးမှူးများ၏အဆိုအရ ရာထူးဝင်စာမေးပွဲဖြေဆိုမည့်သူများအနေဖြင့် စာမေးပွဲရလဒ် များကို အီလက်ထရွန်နစ်နည်းလမ်းအားဖြင့် ပြောင်းလဲရေးအတွက် တာဝန်ရှိသူများကို ဘတ်ငွေ ရှစ်သိန်း (အမေရိကန်ဒေါ်လာ၂၃,၈၄၇ ဒေါ်လာ) အထိ ပေးခဲ့ကြကြောင်း သိရသည်။အထက်ပါစာမေးပွဲများတွင် ပါဝင်ဖြေဆိုခဲ့သူများအနက် ဝန်ထမ်း ၅,၈၁၄ ဦးတို့၏ စာမေးပွဲရလဒ်များတွင် အထက်ပါ မရိုးမသားလုပ်ဆောင်မှုများရှိနေခဲ့ကြောင်း ထိုင်းအစိုးရ စုံစမ်းစစ်ဆေးရေးမှူးများက ပြောကြားထားသည်။



