မန္တလေးဈေးကွက်အတွင်း နှင်းသီး (ဒေသအခေါ် စစ်ကိုင်းသီး) များ ဈေးကောင်းရရှိကာ အရောင်းအဝယ် သွက်နေသော်လည်း သယ်ယူပို့ဆောင်ရေးစရိတ် ကြီးမြင့်မှုကြောင့် စိုက်ပျိုးထုတ်လုပ်သူ တောင်သူများ တွက်ချေမကိုက်ဘဲ အမြတ်အစွန်း နည်းပါးလျက်ရှိကြောင်း စစ်ကိုင်းဒေသခံ ခြံပိုင်ရှင်များ၏ ပြောပြချက်အရ သိရသည်။ စစ်ကိုင်းမြို့နှင့် မန္တလေးမြို့သည် ဧရာဝတီမြစ် တစ်ဖက်ကမ်းစီတွင် တည်ရှိပြီး ၁၀ မိုင်ဝန်းကျင်သာ ကွာဝေးသော်လည်း လက်ရှိ နယ်မြေအခြေအနေများနှင့် စက်သုံးဆီ ရှားပါးခက်ခဲမှုများကြောင့် လမ်းခရီးသယ်ယူပို့ဆောင်ရေးစရိတ်များမှာ မလိုအပ်ဘဲ မြင့်မားနေခြင်း ဖြစ်သည်။အချို့ဒေသများတွင် လေချူသီး သို့မဟုတ် တရုတ်ဆီးသီးဟုလည်း ခေါ်ဝေါ်ကြသည့် ရာသီပေါ် စစ်ကိုင်းသီးများသည် ပြီးခဲ့သည့်နှစ်က အင်အားပြင်းငလျင်ဒဏ်ကြောင့် အပွင့်များကြွေကျကာ အသီးမတင်ဘဲ ဆုံးရှုံးမှုများနှင့် ရင်ဆိုင်ခဲ့ရပြီး ယခုနှစ်တွင်မှ ပြန်လည်ခူးဆွတ်ရောင်းချနိုင်ခြင်း ဖြစ်သည်။ လက်ရှိ မန္တလေးဈေးကွက်အတွင်း စစ်ကိုင်းသီး တစ်ပိဿာလျှင် ငွေကျပ် ၁၀,၀၀၀ မှ ၁၆,၀၀၀ ထိ ဈေးကောင်းရနေသော်လည်း ခြံဖျတ်ဈေးမှာမူ ကျပ် ၆,၀၀၀ မှ ၈,၀၀၀ ဝန်းကျင်သာ ရရှိသဖြင့် လမ်းခရီးစရိတ်များပြားမှုကြောင့် တောင်သူများ အကျိုးအမြတ် နည်းပါးနေရကြောင်း သိရသည်။



