၂၀၂၆ ခုနှစ်၊ ဇူလိုင်လ ၁၇ ရက်နေ့ နံနက် မြန်မာစံတော်ချိန် (၀၇) နာရီ (၅၆) မိနစ် (၀၇) စက္ကန့်အချိန်တွင် မြန်မာနိုင်ငံပြည်တွင်း၌ အင်အားအသင့်အတင့်ရှိသော မြေငလျင်တစ်ခု လှုပ်ရှားသွားကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။အဆိုပါ မြေငလျင်သည် မန္တလေးမြေငလျင်စခန်းမှ မြောက်ဘက် ၅၆ မိုင်ခန့် ကွာဝေးသော သပိတ်ကျင်းမြို့၏တောင်-အရှေ့တောင်ဘက် ၄ မိုင်ခန့်အကွာ (မြောက်လတ္တီတွဒ် ၂၂.၈၃ ဒီဂရီ၊ အရှေ့လောင်ဂျီတွဒ် ၉၅.၉၉ ဒီဂရီ)၊ အနက် ၆ ကီလိုမီတာကို ဗဟိုပြု၍ ရစ်ခ်တာစကေး ပမာဏ ၅.၃ (Magnitude 5.3) အဆင့်ရှိ အင်အားအသင့်အတင့်ဖြင့် လှုပ်ခတ်သွားခြင်း ဖြစ်သည်။ ငလျင်လှုပ်ခတ်မှုကို မန္တလေး၊ စစ်ကိုင်း၊ မိုးကုတ်၊ ပြင်ဦးလွင်နှင့် တောင်ကြီး အပါအဝင် မြန်မာနိုင်ငံအထက်ပိုင်း မြို့ကြီးများတွင် သိသိသာသာ ခံစားခဲ့ရကြောင်း သိရသည်။ မန္တလေးမြို့တွင် ငလျင်လှုပ်ခတ်မှုမှာ အတော်အသင့် ပြင်းထန်ပြီး ကြာမြင့်ချိန်လည်း ရှိခဲ့ကာ နှစ်ကြိမ်ဆက်တိုက် လှုပ်ခတ်သွားခြင်းကြောင့် ပြည်သူများ အထိတ်တလန့်ဖြစ်ကာ နေအိမ်များ၊ တိုက်ခန်းများနှင့် လုပ်ငန်းခွင်များအတွင်းမှ အပြင်သို့ အလျင်အမြန် ထွက်ပြေးခဲ့ရကြောင်း သိရသည်။



