ဂျပန်နိုင်ငံ Seven-Eleven စတိုးဆိုင်များသို့ အအေးခန်းနှင့် အေးခဲသေတ္တာပြကွက်များ ထောက်ပံ့တပ်ဆင်ပေးသည့် လုပ်ငန်းများအတွက် လေလံဆွဲရာတွင် ပြိုင်ဘက်မရှိစေရန် ကြိုတင်ပူးပေါင်း လျှို့ဝှက်စျေးနှုန်းညှိနှိုင်းမှု (Bid-rigging) ပြုလုပ်ခဲ့ကြသည်ဟု သံသယရှိသဖြင့် ဂျပန်မျှတသော ကုန်သွယ်မှုကော်မရှင် (FTC) က ထိပ်တန်းစက်မှုကုမ္ပဏီ ၃ ခုကို ဇူလိုင်လ ၁၄ ရက်နေ့တွင် ရှောင်တခင် ဝင်ရောက်စီးနင်း ရှာဖွေခဲ့သည်။အဆိုပါ စီးနင်းခံရသည့် ကုမ္ပဏီများမှာ တိုကျိုမြို့ရှိ Fuji Electric နှင့် Nakano Refrigerators အပြင် ဂွန်မာခရိုင်ရှိ SDRS ကုမ္ပဏီတို့ဖြစ်ပြီး ၎င်းတို့သည် ဂျပန်နိုင်ငံတွင်း ကုန်သွယ်မှု လက်ဝါးကြီးအုပ်မှုဆန့်ကျင်ရေးဥပဒေကို ချိုးဖောက်ခဲ့သည်ဟု သံသယရှိခြင်း ဖြစ်သည်။ ဤကုမ္ပဏီများသည် Seven-Eleven Japan က ပြည်နယ်အလိုက် နှစ်အနည်းငယ်လျှင် တစ်ကြိမ် ပြုလုပ်လေ့ရှိသော လေလံပွဲများတွင် မည်သည့်ကုမ္ပဏီက မည်သည့်ပြည်နယ်၌ လေလံအောင်ရမည်ဟု ၂၀၂၀ ပြည့်နှစ်ခန့်ကတည်းက ကြိုတင်ခွဲဝေ သတ်မှတ်ထားခဲ့ကြပြီး မကြာသေးမီနှစ်များအတွင်း အမှာစာအများစုကို ယင်းကုမ္ပဏီ ၃ ခုကသာ လက်ဝါးကြီးအုပ် ရရှိခဲ့ကြသည်။Seven-Eleven Japan ကုမ္ပဏီသည် အဆိုပါ အေးခဲသေတ္တာပစ္စည်းများကို ဝယ်ယူပြီး နိုင်ငံတစ်ဝှမ်းရှိ ၎င်းတို့၏ ဖရန်ချိုက် (Franchise) ဆိုင်ခွဲများထံသို့ ပြန်လည်ငှားရမ်းပေးခြင်းဖြစ်သောကြောင့် ယခုကဲ့သို့ လေလံပွဲတွင် စျေးနှုန်းမသမာမှု ပြုလုပ်ခဲ့ခြင်းသည် ဆိုင်ခွဲပိုင်ရှင်များနှင့် ကုမ္ပဏီအတွက် ကုန်ကျစရိတ်များကို ပိုမိုမြင့်တက်စေခဲ့ကြောင်း စီးပွားရေးပညာရှင်များက ထောက်ပြထားကြပြီး စီးနင်းခံရသည့် ကုမ္ပဏီများကလည်း အာဏာပိုင်များ၏ စုံစမ်းစစ်ဆေးမှုကို အပြည့်အဝ ပူးပေါင်းဆောင်ရွက်သွားမည်ဟု ထုတ်ပြန်ထားသည်။
ဂျပန်ရှိSeven-Eleven ဆိုင်များသို့ အေးခဲသေတ္တာ တင်ပို့ရန် ဈေးနှုန်းမသမာမှုပြုလုပ်သည့် ဂျပန်ကုမ္ပဏီ ၃ ခု စီးနင်းရှာဖွေခံရ
Jul 16 • 4:09 AM
ဂျပန်
ပြည်တွင်းသတင်း
မျှဝေမည်
| 21 | 0 | 0 | 0 |


