ကချင်ပြည်နယ်အစိုးရအဖွဲ့၏ စီစဉ်ဆောင်ရွက်မှုဖြင့် မြစ်ကြီးနား-မိုးကောင်း-မိုးညှင်း အမှတ် (၄၉) အဆန်နှင့် အမှတ် (၅၀) အစုန် ရထားခရီးစဉ်များကို လာမည့် ဇူလိုင်လ ၂၁ ရက်တွင် ပြန်လည်ပြေးဆွဲပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ရထားခရီးစဉ်များ ပြန်လည်ပြေးဆွဲနိုင်ရန် မြန်မာ့မီးရထားမှ မိုးကောင်း-မိုးညှင်းဘူတာကြား (၅၂.၂၅ မိုင်) အတွင်းရှိ သံလမ်းများ ပြုပြင်ထိန်းသိမ်းခြင်း၊ အဆင့်မြှင့်တင်ခြင်းနှင့် ဘူတာများ ပြင်ဆင်ခြင်းတို့ကို ဆောင်ရွက်လျက်ရှိသည်။ထို့ပြင် ပင်းဘောဘူတာမှ နန်းခွင်ဘူတာအထိ သံလမ်းတစ်လျှောက် ရှင်းလင်းခြင်းနှင့် နန်းခွင်ချောင်းကူး ရထားတံတားအမှတ် (၆၃၀) ၏ ရေလည်တိုင်များနှင့် ကမ်းကပ်ခုံများ ပျက်စီးမှုကို ပြန်လည်ပြုပြင် တည်ဆောက်လျက်ရှိသည်။အဆိုပါ လုပ်ငန်းခွင်များ ဆောင်ရွက်နေမှုကို ကချင်ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်က ဇူလိုင်လ ၁၁ ရက် နံနက်ပိုင်းတွင် သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ပြီး ရထားတာဝန်ရှိသူများအား ဂုဏ်ပြုချီးမြှင့်ငွေများ ပေးအပ်ခဲ့ကြောင်း သိရသည်။


