နယ်သာလန်အခြေစိုက် ကမ္ဘာကျော် ဆေးရည်ထုတ်လုပ်ရေးကုမ္ပဏီ Akzo Nobel သည် ၎င်းတို့၏ အလှဆင်ဆေးသုတ်လုပ်ငန်း (Decorative Paints Business) ကို ဝယ်ယူရန် ဂျပန်နိုင်ငံ၏ Nippon Paint Holdings က ယူရို ၇.၅ ဘီလီယံ (အမေရိကန်ဒေါ်လာ ၈.၆ ဘီလီယံခန့်) ဖြင့် ကမ်းလှမ်းလာမှုကို ပယ်ချလိုက်ကြောင်း သိရသည်။
Akzo Nobel ဘုတ်အဖွဲ့၏ ထုတ်ပြန်ချက်အရ ဂျပန်ကုမ္ပဏီ၏ နောက်ဆုံးကမ်းလှမ်းချက်သည် ၎င်းတို့လုပ်ငန်း၏ တကယ့်တန်ဖိုးထက် များစွာလျော့နည်းနေပြီး (Significantly undervalues) လက်ရှိတွင် အမေရိကန်အခြေစိုက် Axalta Coating Systems နှင့် ပေါင်းစည်းရန် သဘောတူညီထားသည့် အမေရိကန်ဒေါ်လာ ၂၅ ဘီလီယံတန်ဖိုးရှိ မဟာမိတ်အစီအစဉ်ကိုသာ ဆက်လက်လုပ်ဆောင်သွားမည်ဖြစ်ကြောင်း အတည်ပြုခဲ့သည်။ပြီးခဲ့သည့်လများအတွင်းကလည်း Nippon Paint သည် အမေရိကန်အခြေစိုက် Sherwin-Williams နှင့် ပူးပေါင်းကာ Akzo Nobel တစ်ခုလုံးကို ဝယ်ယူရန် ကြိုးပမ်းခဲ့သော်လည်း မအောင်မြင်ခဲ့ဘဲ ယခုတစ်ကြိမ်တွင် အလှဆင်ဆေးလုပ်ငန်းခွဲကိုသာ တစ်ကိုယ်တော် ဝယ်ယူရန် ထပ်မံကမ်းလှမ်းခဲ့ခြင်း ဖြစ်သည်။ ယခုကဲ့သို့ ဆေးရည်ထုတ်လုပ်ရေး လုပ်ငန်းကြီးများအကြား အကြီးအကျယ် ပေါင်းစည်းရန် ကြိုးပမ်းနေကြခြင်းမှာ ကုန်ကျစရိတ်မြင့်တက်လာမှု၊ ပြင်းထန်သော စျေးကွက်ပြိုင်ဆိုင်မှုများနှင့် ကုန်သွယ်ရေးဆိုင်ရာ မရေရာမှုများကို တုံ့ပြန်ရန်အတွက် ဖြစ်ကြောင်း စီးပွားရေးပညာရှင်များက သုံးသပ်ထားကြသည်။


