မန္တလေးတိုင်းဒေသကြီး၊ အောင်မြေသာစံမြို့နယ်၌ တရားမဝင် လျှပ်စစ်ဓာတ်အား ခိုးယူသုံးစွဲခဲ့သည့် ရေခဲစက်လုပ်ငန်းရှင်တစ်ဦးကို လျှပ်စစ်ဥပဒေဖြင့် အမှုဖွင့်တရားစွဲဆိုထားကြောင်း မန္တလေးလျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်း (YESC) ထံမှ သိရသည်။အောင်မြေသာစံမြို့နယ်၊ (၁၂) လမ်း၊ (၈၈) လမ်းနှင့် (၈၉) လမ်းကြားရှိ ဦးမျိုးအောင် အမည်ပေါက်ဖြင့် တပ်ဆင်ထားသော ရေခဲစက်လုပ်ငန်း၏ လျှပ်စစ်မီတာတွင် Error ပြနေပြီး မူလအနေအထား ပျက်ယွင်းနေသည်ကို ဇွန်လ ၂၆ ရက်က လျှပ်စစ်ဌာန တာဝန်ရှိသူများက စိစစ်တွေ့ရှိခဲ့သည်။ ထို့ကြောင့် အဆိုပါမီတာအား ရန်ကုန်မြို့ရှိ လျှပ်စစ်စမ်းသပ်ရေးနှင့် စစ်ဆေးရေးဌာနသို့ မီးသုံးသူကိုယ်တိုင်နှင့် ဌာနဝန်ထမ်းများ သွားရောက်စစ်ဆေးခဲ့ရာ တရားမဝင် လျှပ်စစ်ဓာတ်အားခိုးယူသုံးစွဲထားကြောင်း ဖော်ထုတ်တွေ့ရှိခဲ့ရခြင်း ဖြစ်သည်။အဆိုပါ လျှပ်စစ်ခိုးယူမှုကြောင့် နိုင်ငံတော်မှ လျှပ်စစ်ဓာတ်အား ၃၆၂,၇၄၀ ယူနစ် နစ်နာဆုံးရှုံးခဲ့ရပြီး၊ ယင်းနစ်နာဆုံးရှုံးမှုအတွက် ဓာတ်အားခလျော်ကြေးနှင့် နစ်နာကြေးများကို မန္တလေးလျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်းသို့ ပေးဆောင်စေခဲ့ကာ ဓာတ်အားကိုလည်း ချက်ချင်းဖြတ်တောက် ဖြုတ်သိမ်းခဲ့သည်။ ထို့ပြင် လျှပ်စစ်ဓာတ်အားကို မသမာသောနည်းဖြင့် ရယူသုံးစွဲခဲ့သည့် ရေခဲစက်လုပ်ငန်းရှင်အား လျှပ်စစ်ဥပဒေနှင့်အညီ ထိရောက်စွာအရေးယူနိုင်ရန် သက်ဆိုင်ရာရဲစခန်းတွင် အမှုဖွင့်တရားစွဲဆိုထားကြောင်း သိရသည်။
မန္တလေး၌ တရားမဝင် လျှပ်စစ်ဓာတ်အား ခိုးယူသုံးစွဲခဲ့သည့် ရေခဲစက်လုပ်ငန်းရှင်အား လျှပ်စစ်ဥပဒေဖြင့် အမှုဖွင့်တရားစွဲဆို
Jul 15 • 1:58 AM
မြန်မာ
မန္တလေး
မျှဝေမည်
| 24 | 0 | 0 | 0 |


