ရန်ကုန်မြို့တွင် ဇူလိုင်လ ၁၄ ရက် နံနက်ပိုင်းက YBS အပါအဝင် အောက်ဆိုက်လိုင်းကားများ ယာဉ်တိုက်မှု သုံးကြိမ်ဖြစ်ပွားခဲ့ပြီး အသက် ၆၀ ကျော်အရွယ် အမျိုးသမီးတစ်ဦး သေဆုံးကာ နောက်ထပ် လူငါးဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံလူမှုကူညီရေးအသင်းများအရ သိရသည်။အလုံမြို့နယ်၊ အောက်ကြည့်မြင်တိုင်လမ်းမပေါ်ရှိ ဆင်မင်းဈေးကားမှတ်တိုင်တွင် လမ်းဖြတ်ကူးသည့် အသက် ၆၀ ကျော်အရွယ် အဖွားအိုတစ်ဦးကို YBS 144 ယာဉ်က ဝင်တိုက်မိသဖြင့် ကားအောက်မှ ဆွဲထုတ်ကာ ရန်ကုန်ဆေးရုံကြီးသို့ ပို့ဆောင်ခဲ့သော်လည်း သေဆုံးသွားခဲ့သည်။ ထို့ပြင် ဗိုလ်တထောင်မြို့နယ်၊ သိမ်ဖြူလမ်းနှင့် ကုန်သည်လမ်းထောင့်တွင်လည်း Light Truck အောက်ဆိုက်ကားတစ်စီး တိမ်းမှောက်ခဲ့သဖြင့် အမျိုးသားနှစ်ဦးနှင့် အမျိုးသမီးနှစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး၊ ဓမ္မစေတီလမ်းတွင်လည်း မော်တော်ယာဉ်တစ်စီး လမ်းလယ်ကျွန်းဝင်တိုက်မိကာ တိမ်းမှောက်မှု ဖြစ်ပွားခဲ့သည်။ရန်ကုန်မြို့တွင် နေ့စဉ် YBS စီးနင်းသူ ၂ သန်းကျော်ရှိသော်လည်း ပြေးဆွဲသည့် ဘတ်စကားအစီးရေနှင့် မမျှတသဖြင့် ပြည်သူများမှာ ကြပ်ညပ်စွာ စီးနင်းနေရသည့်အပြင် ညဘက်တွင် ဈေးနှုန်းမတန်တဆတောင်းယူကာ စည်းကမ်းမဲ့ မောင်းနှင်လေ့ရှိသော တရားမဝင် အောက်ဆိုက်ကားများကိုပါ စွန့်စားစီးနင်းနေကြရသည်။ ပြီးခဲ့သည့် ဇူလိုင်လ ၁၂ ရက်ကလည်း ကျောက်တန်းမြို့တွင် YBS 129 ဘတ်စကား ဘရိတ်ပေါက်ကာ ယာဉ်ကိုးစီးဆင့်တိုက်မှုဖြစ်ပွားပြီး လူ ၁၄ ဦး ဒဏ်ရာရရှိခဲ့ရာ၊ ရန်ကုန်မြို့ရှိ လိုင်းကားများနှင့် အောက်ဆိုက်ကားများ၏ စည်းကမ်းမဲ့ မောင်းနှင်မှုများကြောင့် ခရီးသွားပြည်သူများ အသက်အန္တရာယ်အတွက် စိုးရိမ်ပူပန်မှုများ မြင့်တက်လျက်ရှိကြောင်း သိရသည်။
Jul 15 • 1:55 AM
မြန်မာ
ရန်ကုန်
မျှဝေမည်
| 17 | 0 | 0 | 0 |


