မန္တလေးတိုင်းဒေသကြီး၊ မတ္တရာမြို့နယ်ရှိ စကျင်ကျေးရွာတွင် ဒေသတွင်းတည်ငြိမ်မှု ပြန်လည်ရရှိလာပြီးနောက်ပိုင်း ၅ နှစ်ကျော်ကြာ ရပ်နားထားခဲ့ရသည့် စကျင်ကျောက်ထုတ်လုပ်မှုလုပ်ငန်းများ ပြန်လည်အသက်ဝင်လာကြောင်း မေလ ၂၇ ရက်တွင် ဒေသခံလုပ်ငန်းရှင်များထံမှ သိရသည်။ ယခုနှစ် သင်္ကြန်ကာလမတိုင်မီကစ၍ တိုက်ပွဲဖြစ်ပွားမှုများ လျော့ကျသွားပြီး မန္တလေးနှင့် မတ္တရာအကြား လမ်းပန်းဆက်သွယ်ရေး ပြန်လည်အဆင်ပြေလာသဖြင့် ဒေသခံများ ရွာသို့ပြန်လည်ဝင်ရောက်ကာ လုပ်ငန်းများ ပြန်လည်စတင်လာကြခြင်း ဖြစ်သည်။လက်ရှိတွင် မန္တလေးဈေးကွက်အတွင်းသို့ စကျင်ကျောက်များ ပြန်လည်အဝင်များလာနေပြီး စစ်ဆေးရေးဂိတ်များက ယခုထက် ပိုမိုလွတ်လပ်စွာ ဖြတ်သန်းခွင့်ပြုပါက လုပ်ငန်းများ ပိုမိုအဆင်ပြေချောမွေ့လာမည်ဖြစ်ကြောင်း ဒေသခံတစ်ဦးက ဆိုသည်။ စကျင်ကျေးရွာသည် ဘုရားရုပ်ပွားဆင်းတုတော်များနှင့် လူ့အသုံးအဆောင်ပစ္စည်းများ ထုဆစ်သည့် စကျင်ကျောက်ထုတ်လုပ်ငန်းနှင့် ပန်းတမော့ကျောက်ဆစ်အနုပညာလုပ်ငန်းတို့ကြောင့် ထင်ရှားကျော်ကြားသော ဒေသတစ်ခု ဖြစ်သည်။



