တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့၊ ပုံကျွန်းရပ်ကွက်၌ နေထိုင်သည့် အသက် ၃ နှစ်အရွယ် မိန်းကလေးငယ်တစ်ဦးသည် မေလ ၂၇ ရက် နေ့လယ်ပိုင်းက ဆွေမျိုးအိမ်သို့ သွားရောက်ဆော့ကစားရာမှ မျက်စိလည်လမ်းမှား ပျောက်ဆုံးသွားခဲ့ရာ ၎င်း၏နေအိမ်နှင့် မီတာ ၄၀၀ ကျော်အကွာရှိ တိုင်းပညာရေးမှူးရုံးအတွင်းသို့ ရောက်ရှိနေစဉ် ဝန်ထမ်းများက တွေ့ရှိကာ ခေါ်ယူထိန်းသိမ်းထားခဲ့သည်။တိုင်းပညာရေးမှူးရုံး၏ အကူအညီတောင်းခံမှုကြောင့် တနင်္သာရီတိုင်းအရေးပေါ်ကယ်ဆယ်ရေးအဖွဲ့က ကလေးငယ်အား လိုက်လံအိမ်ရှာဖွေပေးခြင်းနှင့် လူမှုကွန်ရက်ပေါ်တွင် ဓာတ်ပုံတင်၍ အသိပေးခြင်းများ ပြုလုပ်ခဲ့သည်။ ထို့နောက် လူမှုကွန်ရက်စာမျက်နှာမှတစ်ဆင့် မိဘများကို သိရှိသူ မိတ်ဆွေတစ်ဦး၏ ဆက်သွယ်လာမှုအရ ညနေ ၃ နာရီခန့်တွင် ကလေးငယ်အား မိဘများထံ ဘေးကင်းစွာ ပြန်လည်အပ်နှံပေးနိုင်ခဲ့ကြောင်း သိရသည်။


