ရှမ်းပြည်နယ်တောင်ပိုင်း၊ ရွာငံမြို့နယ်တွင် အွန်လိုင်းစလော့ဂိမ်း (လောင်းကစား) ကြောင့် အကြွေးပတ်လည်ဝိုင်းကာ မိမိတို့ပိုင်ဆိုင်သည့် အဖိုးတန်နှစ်ရှည်စိုက်ပျိုးရေးခြံများကို ဈေးပေါပေါဖြင့် အလျင်စလို ရောင်းချနေရကြောင်း ဒေသခံများထံမှ သိရသည်။ ရွာငံဒေသတွင် အသက် ၁၅ နှစ်ဝန်းကျင်မှစ၍ အလွယ်တကူ ဆော့ကစားနေကြသည့် အဆိုပါဂိမ်းကြောင့် ငွေကြေးကျပ်တည်းလာပြီး လက်ဖက်၊ လိမ္မော်၊ ထောပတ်နှင့် ကော်ဖီခြံများကို အလောတကြီး ရောင်းချလာကြရာ မြေယာပွဲစားများက ဈေးနှိမ်ဝယ်ယူပြီး တရုတ်လုပ်ငန်းရှင်များထံ ဈေးကြီးကြီးဖြင့် ပြန်လည်အကွက်ရိုက် ရောင်းချနေကြသည်။ထိုသို့ ခြံမြေများ လက်လွှတ်ဆုံးရှုံးရသဖြင့် မူလဒေသခံများမှာ မြေပြတ်ကာ ကျပန်းလုပ်ကိုင်စားသောက်ရသူ များပြားလာသည့်အပြင်၊ ဂိမ်းရှုံး၍ ငွေလိုသူများကြောင့် ရွာတွင်း၌ ဆိုင်ကယ်၊ ငွေကြေးနှင့် လက်ဖက်ခြောက်အိတ်များ ခိုးယူသည့် ရာဇဝတ်မှုများ နေ့စဉ်ရက်ဆက် ဆိုးရွားလာနေသည်။ မေလဒုတိယပတ်မှစ၍ လမ်းမကြီးများနှင့် စစ်ဆေးရေးဂိတ်များတွင် ဖုန်းအတွင်း စလော့ဂိမ်းတွေ့ရှိပါက ဒဏ်ငွေရိုက်ခြင်း၊ ဖုန်းသိမ်းခြင်းများ ရှိနေသော်လည်း ကျေးရွာများအတွင်း ထိရောက်သော တားဆီးမှုမရှိဘဲ တိတ်တဆိတ် ဆက်လက်ဆော့ကစားနေကြဆဲဖြစ်၍ ဒေသခံများ လုံခြုံရေးအတွက် စိုးရိမ်နေကြကြောင်း သိရသည်။
ရှမ်းပြည်နယ်၊ ရွာငံ၌ စလော့ဂိမ်းကြွေးများကြောင့် စိုက်ပျိုးမြေများကို ဈေးပေါပေါဖြင့် ရောင်းချကာ အကြွေးဆပ်နေရ
May 27 • 6:45 AM
မြန်မာ
ရှမ်း
မျှဝေမည်
| 29 | 0 | 0 | 0 |


