မြန်မာနိုင်ငံတစ်ဝန်းရှိ တက္ကသိုလ်များတွင် အဝေးသင်ကျောင်းအပ်ခစရိတ်များ နှစ်ဆနီးပါး မြင့်တက်လာခြင်းနှင့် အွန်လိုင်းငွေပေးချေမှုစနစ် အပြောင်းအလဲများကြောင့် ကျောင်းသား၊ ကျောင်းသူများ ကျောင်းအပ်နှံရန် အခက်အခဲများနှင့် ရင်ဆိုင်နေရကြောင်း သိရပါတယ်။
ယခင်က ကျောင်းအပ်ခစရိတ်မှာ ကျပ် ၁ သိန်းအောက်သာ ကုန်ကျခဲ့သော်လည်း ယခုနှစ်တွင် (Assignment) မပါဝင်ဘဲ ၁ သိန်း ၄ သောင်းကျပ်၊ Assignmentအပြီးအစီးဆိုပါက ၁ သိန်း ၈ သောင်းကျပ်အထိ မြင့်တက်လာသဖြင့် ကျောင်းသားများအတွက် ဝန်ထုပ်ဝန်ပိုး ဖြစ်နေရပါတယ်။ ထို့ပြင် ယခင်က ကျောင်းသားကတ် သို့မဟုတ် စာစဉ်ပြရုံဖြင့် လွယ်ကူစွာ ကျောင်းအပ်နိုင်ခဲ့သော်လည်း၊ လက်ရှိတွင် UAB Pay စနစ်ဖြင့်သာ လက်ခံတော့ခြင်း၊ ဘဏ်ထဲငွေထည့်ပြီးမှ ရလာသည့် ဖောင်များကို Print ထုတ်ကာ တက္ကသိုလ်တွင် ပြန်လည်အပ်နှံရခြင်း စသည့် ရှုပ်ထွေးမှုများကြောင့် ကိုယ်တိုင်ကျောင်းအပ်သူ နည်းပါးသွားကြောင်း သိရပါတယ်။အချို့ကျောင်းသားများမှာ အလုပ်မရှုပ်စေရန် ဆရာမများထံမှတစ်ဆင့် ငွေသား သို့မဟုတ် Kpay ဖြင့် ပိုက်ဆံပိုပေးကာ အပ်နှံနေကြရပြီး၊ ငွေကြေးမတတ်နိုင်သည့် ကျောင်းသားအချို့မှာမူ ကျူရှင်မတက်နိုင်ဘဲ အနီးကပ်ကျောင်းဖွင့်ချိန်မှသာ စာပြန်ကူးရသည့် အခြေအနေများ ရှိနေပါတယ်။ ထို့ပြင် ၂၀၂၀ ခုနှစ်မတိုင်မီက ဆယ်တန်းအောင်မြင်ပြီး ယခုနှစ်မှ ကျောင်းပြန်အပ်သည့် ကျောင်းသားဟောင်းအချို့မှာလည်း နောက်ကျကြေးအဖြစ် ကျပ် ၂ သောင်း ထပ်မံကောက်ခံမှုများနှင့် ကြုံတွေ့နေရကြောင်း သိရပါတယ်။


