ဂျပန်နိုင်ငံ လူဝင်မှုကြီးကြပ်ရေးအေဂျင်စီ (ISA) သည် နိုင်ငံအတွင်း တရားမဝင် ဗီဇာသက်တမ်းကျော် နေထိုင်သူနှင့် အလုပ်လုပ်ကိုင်သူ နိုင်ငံခြားသား အရေအတွက်ကို လုံးဝမရှိစေရန် လျှော့ချမည့် "Zero Plan" (Zero Illegal Foreign Residents Plan) စီမံချက်၏ ပိုမိုတင်းကျပ်သော ဗားရှင်းအသစ်ကို သောကြာနေ့တွင် တရားဝင်ထုတ်ပြန်ခဲ့သည်။ ဝန်ကြီးချုပ် ဆာနာအဲ တာကာအီချီ ၏ လမ်းညွှန်ချက်အရ တရားမျှတရေးဝန်ကြီးဌာနက ပြန်လည်သုံးသပ်ရေးဆွဲခဲ့သည့် အဆိုပါ မူဝါဒသစ်တွင် ဂျပန်အီလက်ထရွန်နစ် ခရီးသွားလာခွင့်စနစ် (JESTA) ကို အစောဆုံး စတင်မိတ်ဆက်ရန်၊ ဒုက္ခသည်စိစစ်ရေး လုပ်ငန်းစဉ်များကို ပိုမိုမြန်ဆန်စေရန်နှင့် လူဝင်မှုကြီးကြပ်ရေးစနစ်ကို ဒစ်ဂျစ်တယ်စနစ်သို့ ပြောင်းလဲရန် စသည့် အချက်များ ပါဝင်သည်။အထူးသဖြင့် ယခုအစီအစဉ်တွင် ဆိုရှယ်မီဒီယာများပေါ်၌ နေထိုင်ခွင့်ကတ်ပြား (Residence card) အတုများ ရောင်းဝယ်နေမှုကို စုံစမ်းထောက်လှမ်းရန် ဆိုက်ဘာကင်းလှည့်မှု (Cyber patrols) စနစ်နှင့် သီးသန့်ဒေတာစုဆောင်းသည့် ကိရိယာများကို အသုံးပြုသွားမည်ဖြစ်သည်။ ထို့အပြင် တရားမဝင် နိုင်ငံခြားသား အလုပ်သမားများကို ခန့်အပ်သည့် အလုပ်ရှင်များနှင့် ပွဲစားများကို အရေးယူမည့် ပြစ်ဒဏ်ကိုလည်း တိုးမြှင့်လိုက်ပြီး၊ လာမည့် ၂၀၂၇ ခုနှစ် ဧပြီ ၁ ရက်မှစတင်ကာ ယခင် ထောင်ဒဏ် ၃ နှစ် သို့မဟုတ် ဒဏ်ငွေ ယန်း ၃ သန်း သတ်မှတ်ချက်မှ ထောင်ဒဏ် ၅ နှစ် သို့မဟုတ် ဒဏ်ငွေ ယန်း ၅ သန်း (အမေရိကန်ဒေါ်လာ ၃၁,၀၀၀ ကျော်) အထိ ပြစ်ဒဏ်များ တိုးမြှင့်အရေးယူသွားမည်ဖြစ်သည်။ ဂျပန်နိုင်ငံ၏ ထုတ်ပြန်ချက်အရ နိုင်ငံအတွင်း တရားမဝင် နေထိုင်သူ အရေအတွက်သည် ပြီးခဲ့သည့်နှစ်က ၇၄,၈၆၃ ဦး ရှိခဲ့ရာမှ ၂၀၂၆ ခုနှစ် ဇန်နဝါရီ ၁ ရက် စစ်တမ်းအရ ၆၈,၄၈၈ ဦးအထိ ကျဆင်းသွားခဲ့ကြောင်း သိရသည်။
ဂျပန်နိုင်ငံ၌ တရားမဝင်ဗီဇာသက်တမ်းကျော်နေထိုင်သူ အရေအတွက်ကို သုညအထိလျှော့ချမည့် "Zero Plan" မူဝါဒအသစ် ထုတ်ပြန်
May 24 • 4:39 AM
ဂျပန်
ပြည်တွင်းသတင်း
မျှဝေမည်
| 10 | 0 | 0 | 0 |


