ထိုင်းနိုင်ငံ၊ စမွတ်စခွန်ခရိုင်ရှိ အလူမီနီယံစက်ရုံကြီးတစ်ခုတွင် ယမန်နေ့က အကြီးအကျယ် မီးလောင်ခဲ့ရာ လုပ်ငန်းခွင်အတွင်း သိမ်းဆည်းထားသည့် မြန်မာအလုပ်သမားတစ်ဦး၏ တစ်သက်လုံး စုဆောင်းထားသမျှ ရွှေနှင့် ငွေသားများ မီးထဲပါကာ ဆုံးရှုံးသွားခဲ့ရကြောင်း သိရသည်။ ထိုမီးလောင်မှုအတွင်း စက်ရုံမှ မြန်မာနိုင်ငံသား စက်ရုံကြီးကြပ်ရေးမှူးတစ်ဦးက ၎င်း၏ စားပွဲအံဆွဲထဲရှိ အိတ်တစ်ခုအတွင်း ထည့်ထားသည့် ဘတ်ငွေ ၂ သိန်းနှင့် အလေးချိန် ၁၀ ဘတ် (၁၅၂ ဂရမ်ခန့်ရှိ အခဲရွှေ) တို့ကို ရှာဖွေနိုင်ရန် ပျက်စီးသွားသော ဂိုထောင်အတွင်းသို့ ဝင်ခွင့်ပြုရန် မီးသတ်သမားများအား ငိုယိုတောင်းပန်ခဲ့သော်လည်း အန္တရာယ်ရှိသဖြင့် ဝင်ရောက်ခွင့် မရခဲ့ဘဲ ရွှေနှင့် ငွေသားများအားလုံး ဆုံးရှုံးခဲ့ရသည်။ယမန်နေ့ နံနက် ၁၀ နာရီခန့်တွင် စမတ်စခွန်ခရိုင်ရှိ အလူမီနီယံထုတ်လုပ်ရေး ကုမ္ပဏီတစ်ခု၌ မီးလောင်မှု ဖြစ်ပွားကြောင်း ရဲစခန်းအရေးပေါ်ဌာနထံ သတင်းပေးပို့ချက်အရ ထာ့ဆောင်းကျေးရွာအုပ်စု အုပ်ချုပ်ရေးအဖွဲ့နှင့် အနီးနားရှိ ဒေသန္တရအဖွဲ့အစည်းများမှ မီးသတ်ကား အစီးရေ ၁၀ စီးထက်မနည်း လာရောက် ငြှိမ်းသတ်ခဲ့ကြသည်။
မီးလောင်မှု ဖြစ်ပွားသည့် စက်ရုံဝင်းမှာ သံမဏိချောင်းများ၊ အလူမီနီယံပြားများနှင့် အလူမီနီယံသွန်းထည်များကို အော်ဒါမှာယူမှုအလိုက် ထုတ်လုပ်ပေးသည့် စက်ရုံဖြစ်ပြီး မြေနေရာ စတုရန်းမီတာ ၁၆၀၀၀ ကျော် ကျယ်ဝန်းကာ ဂိုထောင်အဆောက်အအုံ ၄ လုံးဖြင့် ဖွဲ့စည်းထားခြင်းဖြစ်သည်။ မီးသည် စက်ရုံဝင်းနောက်ဘက်ရှိ အလူမီနီယံပြားများ ပြုပြင်ခြင်းနှင့် ပုံသွင်းခြင်းများ လုပ်ဆောင်ရာ စတုတ္ထမြောက်ဂိုထောင်မှ စတင်လောင်ကျွမ်းခဲ့ခြင်း ဖြစ်သည်။ ပြင်းထန်သော အပူရှိန်ကြောင့် အမိုးနှင့် အဆောက်အအုံအချို့ ပြိုကျပျက်စီးခဲ့ပြီး စက်ပစ္စည်းများနှင့် ထုတ်လုပ်မှုကိရိယာများ ပျက်စီးဆုံးရှုံးခဲ့ရသည်။ ဖြစ်စဉ်အတွင်း ဒဏ်ရာရ၊ သေဆုံးသူ မရှိကြောင်း သိရသည်။



