အာရှအမျိုးသမီး ချန်ပီယံလိဂ် ဆီမီးဖိုင်နယ်ပွဲစဉ်အဖြစ် မေ ၂၀ ရက် ဗုဒ္ဓဟူးနေ့က ယှဉ်ပြိုင်ကစားခဲ့ရာ မြောက်ကိုရီးယားကလပ် နီဂိုယန် အသင်းက တောင်ကိုရီးယားကလပ် ဆူဝမ် အသင်းကို ၂ ဂိုး - ၁ ဂိုးဖြင့် အနိုင်ရရှိသွားသည်။ ယခုပွဲစဉ်သည် တောင်ကိုရီးယားမြေပေါ်တွင် ကိုရီးယားနှစ်နိုင်ငံ အမျိုးသမီးဘောလုံးအသင်းများ ၈ နှစ်တာကာလအတွင်း ပထမဆုံးအကြိမ် ထိပ်တိုက်တွေ့ဆုံသည့် ပွဲစဉ်ဖြစ်ခဲ့သည်။တောင်ကိုရီးယားနိုင်ငံ၊ ဂယောင်ဂီပြည်နယ်၊ ဆူဝမ်ကွင်း၌ ကျင်းပခဲ့သည့် အဆိုပါပွဲစဉ်တွင် နှစ်ဖက်စလုံး တစ်ဂိုးစီ သွင်းယူကာ သရေကျနေစဉ် ဒုတိယပိုင်း ၆၇ မိနစ်တွင် မြောက်ကိုရီးယားကလပ် နီဂိုယန် အသင်းခေါင်းဆောင် ကင်ဂျုံယောင်းက အဖိုးတန်အနိုင်ဂိုးကို သွင်းယူပေးခဲ့ခြင်း ဖြစ်သည်။ပွဲကစားချိန် ၇၉ မိနစ်တွင် ဆူဝမ်အသင်းခေါင်းဆောင် ဂျီဆိုယန် အနေဖြင့် ပင်နယ်တီမှတစ်ဆင့် ချေပဂိုး ပြန်သွင်းရန် အခွင့်အရေးရခဲ့သော်လည်း လွဲချော်ခဲ့သည်။ယခုနိုင်ပွဲကြောင့် မြောက်ကိုရီးယား နီဂိုယန်အသင်းသည် ဗိုလ်လုပွဲသို့ တက်ရောက်သွားခဲ့ပြီး အဆိုပါ ဗိုလ်လုပွဲတွင် ဂျပန်ကလပ် တိုကျိုဗာဒီအသင်းနှင့် ရင်ဆိုင်ရမည်ဖြစ်သည်။ တိုကျိုဗာဒီအသင်းသည် ဩစတြေးလျကလပ် မဲလ်ဘုန်းစီးတီး ကို ၃ ဂိုး - ၁ ဂိုးဖြင့် အနိုင်ရရှိပြီး ဗိုလ်လုပွဲသို့ တက်ရောက်လာခြင်း ဖြစ်သည်။ ဒုတိယအကြိမ်မြောက် ကျင်းပသည့် အာရှအမျိုးသမီးချန်ပီယံလိဂ်၏ ဗိုလ်လုပွဲကို လာမည် မေ ၂၃ ရက်နေ့တွင် ဆူဝမ်ကွင်း၌ပင် ကျင်းပမည်ဖြစ်ပြီး ချန်ပီယံဆုရရှိမည့်အသင်းက ဆုကြေးဒေါ်လာ ၁ သန်းနှင့် ဒုတိယရရှိမည့်အသင်းက ဒေါ်လာ ၅ သိန်း ရရှိမည်ဖြစ်သည်။
မြောက်ကိုရီးယားသည် နိုင်ငံတကာအားကစားပွဲတစ်ခုအတွက် တောင်ကိုရီးယားသို့ ၂၀၁၈ ခုနှစ် နောက်ပိုင်း ပထမဆုံးအကြိမ် လာရောက်ခြင်းဖြစ်ပြီး ၂၀၁၄ ခုနှစ်နောက်ပိုင်း မြောက်ကိုရီးယားဘောလုံး အသင်းတစ်သင်း တောင်ကိုရီးယားမြေပေါ်တွင် ပထမဆုံးအကြိမ် လာရောက်ကစားခြင်းလည်း ဖြစ်သည်။နီဂိုယန်ကလပ်အသင်းသည် ဆီမီးဖိုင်နယ်တွင် ရှုံးနိမ့်ခဲ့ပါက နေရပ်မြောက်ကိုရီးယားသို့ ချက်ချင်း ပြန်ရမည်ဖြစ်သော်လည်း ယခုကဲ့သို့ အနိုင်ရရှိကာ ဗိုလ်လုပွဲ တက်လှမ်းနိုင်ခဲ့ခြင်းကြောင့် လာမည့် မေလ ၂၃ ရက် ဗိုလ်လုပွဲအပြီးအထိ တောင်ကိုရီးယားနိုင်ငံတွင် ဆက်လက်နေထိုင်ခွင့် ရရှိမည်ဖြစ်ကြောင်း သိရသည်။



