ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုဒေသရှိ ဒေသခံတောင်သူများ၏ နှစ်ရှည်ဥယျာဉ်ခြံထွက် ရာသီပေါ် ဒူးရင်းသီးများ ယခုမေလအတွင်း ပေါ်ဦးပေါ်ဖျား စတင်ထွက်ရှိလာပြီး ဈေးကောင်းရရှိနေကြောင်း သိရသည်။ လိပ်သိုဒေသအတွင်းရှိ ဇလဲကျေးရွာအုပ်စု၊ ကော်ပတ်ခြံ၊ မြသာကုန်း၊ ဘိုကလေးနှင့် အလယ်ချောင်းကျေးရွာများမှ ဒူးရင်းသီး အများဆုံး ထွက်ရှိခြင်းဖြစ်သည်။
ဒေသတွင်းရှိ ဒူးရင်းပင်များသည် နိုဝင်ဘာလတွင် စတင်အပွင့်ပွင့်ပြီး မေလတွင် စတင်ဆွတ်ခူးရောင်းချနိုင်ခြင်းဖြစ်ကာ၊ အပင်ပေါ်မှ ရင့်မှည့်ပြီး အလိုအလျောက်ကြွေကျသည့် အသီးများမှာ အရသာပိုမိုကောင်းမွန်ကြောင်း စိုက်ပျိုးသူတောင်သူတစ်ဦးက ပြောပြသည်။ လက်ရှိတွင် လိပ်သိုဒေသထွက် ဒူးရင်းသီးများကို အလုံးအရွယ်အစားနှင့် အရည်အသွေးအပေါ် မူတည်၍ တစ်လုံးလျှင် ကျပ် ၁၂,၀၀၀ မှ ကျပ် ၄၀,၀၀၀ အထိ ဈေးကောင်းရရှိနေပြီး၊ ၎င်းဒူးရင်းသီးများကို ဒေသတွင်း၌သာမက ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြို့နှင့် အခြားသော မြို့ကြီးများသို့ပါ တင်ပို့ရောင်းချလျက်ရှိကြောင်း သိရှိရပါသည်။


