မန္တလေးမြို့တွင် ယနေ့ မေ၁၀ရက် မွန်းလွဲ ၂နာရီခွဲဝန်းကျင်မှစတင်ကာ မိုးသည်းထန်စွာရွာသွန်းလျက်ရှိပြီး လမ်းမကြီးများပေါ်အထိ ရေလျှံမှုများ ဖြစ်ပွားနေကြောင်း သိရသည်။ထို့အတူ အနိမ့်ပိုင်းရပ်ကွက်များတွင် နေအိမ်အတွင်းအထိ ရေဝင်ရောက်မှုများရှိနေသဖြင့် မိုးရေများကို စုပ်ထုတ်နေကြရကြောင်း မြို့ခံများက ဆိုသည်။မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ ယနေ့ မေ ၁၀ရက် မွန်းလွဲပိုင်း ထုတ်ပြန်ချက်အရ မနက်ဖြန် မေ ၁၁ရက် နံနက်ပိုင်းအထိ မန္တလေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ဧရာဝတီ တိုင်းဒေသကြီး၊ မွန်ပြည်နယ်နှင့် ရှမ်းပြည်နယ်(တောင်ပိုင်း)တို့တွင် နေရာကွက်၍ မိုးကြီးနိုင်ပြီး ရွာရန်ရာနှုန်းပြည့် ဖြစ်ကြောင်း ခန့်မှန်းထားသည်။ထို့ပြင် နေပြည်တော်၊ ရန်ကုန်တိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီး အထက်ပိုင်း၊ ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်၊ မွန်ပြည်နယ်၊ ရခိုင်ပြည်နယ်နှင့် ရှမ်းပြည်နယ်(မြောက်ပိုင်းနှင့် တောင်ပိုင်း) တို့တွင် မိုးတိမ်တောင်များ ဖြစ်ထွန်းလျက်ရှိပြီး အဆိုပါ မိုးတိမ်တောင်များရွေ့လျားရာနေရာတလျှောက်တွင် မိုးရွာသွန်းခြင်းနှင့်အတူ လေပြင်းတိုက်ခတ်ခြင်း၊ မိုးထစ်ချုန်းခြင်း၊ မိုးကြိုးပစ်ခြင်း၊ လျှပ်စီးလက်ခြင်းနှင့် မိုးသီးကြွေခြင်းစသည့် မိုးလေဝသဖြစ်စဉ်များ ဖြစ်ပေါ်နိုင်ကြောင်း ကြိုတင်အသိပေးထားသည်။



