ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးမြို့နယ်၊ အေးသာယာမြို့၊ အမှတ် (၁၀) ရပ်ကွက်ရှိ အုတ်တိုင်းကာရံထားသည့် ၆ ကွက်တွဲ ခြံဝင်းတွင် ယနေ့ မေလ ၆ ရက်၊ နံနက် ၉ နာရီခန့်က အမည်မသိ၊ အသက် ၄၀ အရွယ်ခန့်ရှိ အမျိုးသားတစ်ဦးအား နောက်စေ့ပေါက်ပြဲ သွေးထွက်ဒဏ်ရာ၊ မျက်နှာပြင် ဖူးရောင်ဒဏ်ရာ၊ နှုတ်ခမ်းကွဲအက်ဒဏ်ရာ၊ လည်ပင်းပြတ်ရှဒဏ်ရာ စိုးရိမ်ရ တို့ဖြင့် သတိလစ် မေ့မျောနေသည်ကို တွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။သို့ဖြစ်၍ အဆိုပါ အမျိုးသားအား တောင်ကြီးမြို့၊ စဝ်စံထွန်းဆေးရုံသို့ ရဲဆေးစာဖြင့် ပို့ဆောင်ခဲ့ပြီး ဆေးကုသမှု ခံယူနေစဉ် သေဆုံးသွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။အဆိုပါ အမျိုးသား သေဆုံးမှုနှင့် ပတ်သက်၍ အေးသာယာနယ်မြေရဲစခန်းတွင် လူသတ်မှု ပုဒ်မ ၃၀၂ ဖြင့် အမှုဖွင့်ထားပြီး ကျူးလွန်သူအား ဖမ်းဆီးရမိရေးအတွက် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။



