ထိုင်းနိုင်ငံမြောက်ပိုင်းတွင် လုပ်အားခ မပေးခဲ့သော အလုပ်ရှင်ကို သတ်ခဲ့သည်ဟုဆိုကာ မြန်မာနိုင်ငံသား လေးဦး ဖမ်းဆီးခံရကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြသည်။ သံသယရှိသော ဆယ်ကျော်သက် မြန်မာနိုင်ငံသားလေးဦးကို မေလ ၂ ရက် မွန်းလွဲ ၂ နာရီခန့်က ချင်းရိုင်ခရိုင် ဝပ်ရော်ခူဘုန်းကြီးကျောင်းအနီး နယ်စပ်ဖြတ်ကျော်ရန် ကြိုးစားနေစဉ် ရဲတပ်ဖွဲ့က ဖမ်းဆီးရမိခဲ့ကြောင်း ဆိုသည်။ မေလ ၁ ရက်က ချင်းမိုင်ခရိုင် မဲရင်ဒေသတွင် အသက် ၄၉ နှစ်အရွယ် အလုပ်ရှင်တစ်ဦး အလုပ်သမားတန်းလျားအတွင်း အသတ်ခံရမှုနှင့်ပတ်သက်၍ ရဲတပ်ဖွဲ့က ထွက်ပြေးနေသော မြန်မာအလုပ်သမားများကို ရှာဖွေဖမ်းဆီးခဲ့ခြင်းဖြစ်သည်။ အသတ်ခံရသော အလုပ်ရှင်နှင့် မြန်မာအလုပ်သမားလေးဦးတို့သည် အလုပ်သမားတန်းလျားတွင် အတူနေထိုင်သူများဖြစ်ကြောင်း ဆိုသည်။



