တရုတ်အလယ်ပိုင်း စိတ်ရောဂါကု ဆေးရုံအများအပြား၌ အာမခံလိမ်ညာမှုအစီအစဉ်များအရ လူနာများ သော့ခတ်လှောင်ပိတ်ခံထားရသည်ဟူသောသတင်းများထွက်ပေါ်လာပြီးနောက် တရုတ်နိုင်ငံတစ်ဝန်းလုံးရှိ စိတ်ရောဂါကုဆေးရုံများကို စစ်ဆေးမှုများပြုလုပ်ရန် တရုတ်အစိုးရ အမျိုးသားကျန်းမာရေးစောင့်ရှောက်မှု လုံခြုံရေးဌာနက ညွှန်ကြားထားကြောင်း သိရသည်။အထက်ပါညွှန်ကြားချက်အရ ပြည်နယ်အာဏာပိုင်များအနေဖြင့် ၎င်းတို့၏ နယ်မြေအတွင်းရှိ စိတ်ရောဂါကုဆေးရုံအားလုံးတို့မှ ညွှန်ကြားရေးမှူးများနှင့်ဖေဖော်ဝါရီ ၈ ရက်တွင် စတင်တွေ့ဆုံ ဆွေးနွေး၍ စစ်ဆေးမှုများ စတင်ရမည်ဖြစ်ကြောင်း အမျိုးသားကျန်းမာရေးစောင့်ရှောက်မှု လုံခြုံရေးဌာန တာဝန်ရှိသူများက ဖေဖော်ဝါရီ ၄ ရက်တွင် ပြောကြားထားသည်။တရုတ်အာဏာပိုင်များ၏ စုံစမ်းစစ်ဆေးမှုလုပ်ငန်းစဉ်တွင် စိတ်ရောဂါကုဆေးရုံများအနေဖြင့် ခိုင်လုံသော အကြောင်းပြချက်မရှိဘဲ လူနာများကို ဆေးရုံတက်ရောက်ခွင့်ပေးထားမှု ရှိ၊ မရှိနှင့် ဆေးမှတ်တမ်းများအတုပြုလုပ်မှု ရှိ၊ မရှိတို့လည်း ပါဝင်မည်ဖြစ်ကြောင်း သိရသည်။အစိုးရ၏ အမျိုးသားဆေးဘက်ဆိုင်ရာ အာမခံအစီအစဉ် ထောက်ပံ့ငွေများကို မသမာသော နည်းဖြင့် ရယူရေးအတွက် ဟူပေပြည်နယ် စိတ်ရောဂါကုဆေးရုံများမှလူနာများမှာ အသုံးချခံ နေရကြောင်း တရုတ်ပြည်တွင်းမီဒီယာများက သတင်းထုတ်ပြန်ခဲ့ပြီးနောက် နိုင်ငံတစ်ဝန်းလုံးရှိ စိတ်ရောဂါကုဆေးရုံများအား စစ်ဆေးရန် တရုတ်အစိုးရက စီစဉ်ထားခြင်းဖြစ်သည်။ယင်းကဲ့သို့ အမြတ်ထုတ်ခံနေရသည့် လူနာအချို့မှာ မည်သည့်ရောဂါလက္ခဏာမျှမရှိဘဲ သော့ခတ်ပိတ်လှောင်ခံထားရသူများဖြစ်ကြကြောင်း တရုတ်မီဒီယာများ၏ အဆိုအရ သိရသည်။



