ဇာတ်ကရာသီမရောက်ရှိသေးသော်လည်း မန္တလေးမြို့တွင် ယခုနောက်ပိုင်း ဇာတ်ပွဲများတင်ဆက်ကပြမှု ခပ်စိပ်စိပ်ဖြစ်လာကြောင်း ဒေသခံများထံမှ သိရသည်။Covid 19 ရောဂါဖြစ်ပွားမှုနှင့် အခြေအနေအရပ်ရပ်ကြောင့် ကာလအတန်ကြာရပ်နားနေရသည့် မန္တလေး မြို့ က ဇာတ်သဘင်ပွဲများမှာ ပြီးခဲ့သည့်ဇန်နဝါရီလဆန်းပိုင်းမှစ၍ ပြန်လည်လာ ကပြလာကြရခြင်းဖြစ်သည်"ဖိုးချစ်ပွဲကစပြီး လူတွေဇာတ်ပိုးပြန်ထလာကြတာပေါ့။ တစ်နေ့တစ်နေ့ အမျိုးသမီးတွေကြားထဲ ဇာတ်ပွဲ အကြောင်းပဲ ပြောနေကြတာ။ ပွဲရာသီမဟုတ်ပေမယ့် ပွဲတွေကအတော်စိပ်လာတယ်လို့ပြောရမယ်"ဟု မန္တလေး မြို့ခံ ဆိုင်းဆရာတစ်ဦးက ပြောသည်။
ပုံမှန်အားဖြင့်ယခင်က မန္တလေးမြို့တွင်ဇာတ်ပွဲအများဆုံးကပြသည့်ရာသီမှာ ဝါဆို၊ ဝါခေါင်လများဖြစ် သော်လည်း ယခုနှစ်တွင် တပို့တွဲလကတည်းက ဇာတ်ပွဲများရှိလာခြင်းဖြစ်သည်။
ဇန်နဝါရီလ ၁၁ ရက်ကစတင်ကာ မန္တလေးအမျိုးသားကဇာတ်ရုံ၌ ဖိုးချစ်၏ ပြန်လည်နိုးထသဘင်ည ဇာတ်ပွဲကိုကပြပြီး နောက်ပိုင်း စွယ်တော်ဘုရားပွဲ၊ မဟာမြတ်မုနိထမနဲပွဲ၊ ကုသိုလ်တော်ထမနဲပွဲ စသည့် ဇာတ်ပွဲများမှာ ရက်သတ္တပတ် အနည်းငယ်သာခြား၍ ကပြလာကြခြင်းဖြစ်သည်။လက်ရှိအချိန်တွင် အောင်ဇမ္ဗူဇာတ်ပွဲမှာ ကုသိုလ်တော်ဘုရားတွင် ကပြမှုများပြုလုပ်လျက်ရှိပြီး မဟာ မြတ်မုနိ ဘုရားကြီးတွင်လည်း စမ်းရေမိုးဇာတ်အဖွဲ့က ကပြရန်ရှိနေသေးကြောင်း ဒေသခံများထံမှ သိရသည်။



