ကာလဝမ်းရောဂါဖြစ်စေတဲ့ ဘက်တီးရီးယားကနေ ထွက်လာတဲ့ မော်လီကျူးတစ်ခုဟာ အူမကြီးကင်ဆာကလာပ်စည်းတွေ ကြီးထွားမှုကို ဟန့်တားပေးနိုင်တယ်ဆိုတာကို ဆွီဒင်နိုင်ငံမှ သုတေသီတွေက ရှာဖွေတွေ့ရှိခဲ့တယ်လို့ သိရပါတယ်။သုတေသီတွေဟာ "MakA" လို့ခေါ်တဲ့ အဲဒီအဆိပ်အတောက်ကို ကြွက်တွေမှာ စမ်းသပ်ကြည့်တဲ့အခါ ကင်ဆာအကျိတ်တွေ သိသိသာသာသေးသွားတာကို တွေ့ရှိခဲ့ကြတာလို့ သိရပါတယ်။ ယူမီယိုတက္ကသိုလ်မှ ပညာရှင်များ လုပ်ဆောင်တဲ့ လေ့လာချက်အရ အဆိုပါ ဘက်တီးရီးယားအဆိပ်ဟာ ကျန်းမာနေတဲ့တစ်သျှူးတွေကို အန္တရာယ်မဖြစ်စေဘဲ ကင်ဆာအကျိတ်တွေကိုသာ တိတိကျကျ ပစ်မှတ်ထားတိုက်ခိုက်နိုင်တာ တွေ့ခဲ့ရတယ်လို့ ဆိုပါတယ်။
ယခု သုတေသနကို ဦးဆောင်ခဲ့သူတစ်ဦးဖြစ်တဲ့ ပါမောက္ခ တစ်ဦးက “ဒီဒြပ်စင်ဟာ ကင်ဆာကလာပ်စည်းကို သတ်ရုံတင်မကပါဘူး၊ ကင်ဆာအကျိတ်ပတ်ဝန်းကျင်ကိုပါ ပြောင်းလဲပေးပြီး ကျန်းမာနေဆဲ ကလာပ်စည်းတွေကို ထိခိုက်မှုမရှိစေဘဲ ကိုယ်ခံအားစနစ်က ကင်ဆာကို ပြန်တိုက်ခိုက်နိုင်အောင် ကူညီပေးတာပါ” လို့ ရှင်းပြခဲ့ပါတယ်။အူမကြီးကင်ဆာဟာ ကမ္ဘာတစ်ဝန်းမှာလူသေဆုံးမှု ဒုတိယအများဆုံးကင်ဆာဖြစ်ပြီး ခွဲစိတ်တာ ဒါမှမဟုတ် ဆေးသွင်း ကုသတာတွေက ဘေးထွက်ဆိုးကျိုးများနေဆဲ ဖြစ်တာကြောင့် အခုနည်းလမ်းက မျှော်လင့်ချက်အသစ်တစ်ခု ဖြစ်လာပါတယ်။



