ပြည်တွင်းရှိပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ ရေအရင်းမြစ်နှင့်မြစ်ချောင်းများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန အနေဖြင့် ၂၀၂၆ -၂၇ ဘဏ္ဍာရေးနှစ်အတွက် ဧရာဝတီနှင့် ချင်းတွင်းမြစ်ပေါ်ရှိ ဆိပ်ကမ်း ၁၄ ခု၏ ဆိပ်ကမ်းကပ်ခ အခွန်များအား အိတ်ဖွင့်လေလံခေါ်ယူထားတယ်လို့ သိရပါတယ်။အဆိုပါ အိတ်ဖွင့်လေလံ ခေါ်ယူချက်အရ ရေအရင်းမြစ်နှင့်မြစ်ချောင်းများ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန၊ ဒေသ(၆)၊ စစ်ကိုင်းတိုင်းဒေသကြီးရုံး၊ မုံရွာမြို့မှ ၂၀၂၆ -၂၀၂၇ ဘဏ္ဍာရေးနှစ်အတွက် ချင်းတွင်းမြစ်ပေါ်ရှိ မုံရွာ၊ ကနိ၊ မင်းကင်း၊ ကလေးဝ၊ မော်လိုက်၊ ဖောင်းပြင်၊ ဟုမ္မလင်း၊ ခန္တီး စသည့် ဆိပ်ကမ်း(၈)ခုနှင့် ဧရာဝတီမြစ်ပေါ်ရှိ မြင်းမူ၊ စစ်ကိုင်း၊ မင်းကွန်း၊ မောင်းကုန်း၊ ထီးချိုင့်၊ ကသာ စသည့် ဆိပ်ကမ်း ၆ ခုတို့၏ မြို့ဆိပ်ကမ်းများအလိုက် ဆိပ်ကမ်းကပ်ခ အခွန်များအား အိတ်ဖွင့်လေလံ ခေါ်ယူထားခြင်းဖြစ်ပြီး လေလံဝယ်ယူကြရန် ဖိတ်ခေါ်ထားပါတယ်။ထို့ကြောင့် စိတ်ပါဝင်စားသည့် လုပ်ငန်းရှင်များအနေဖြင့် လေလံလျှောက်လွှာများကို ရေအရင်းအမြစ်နှင့် မြစ်ချောင်းများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ ဒေသ(၆)၊ စစ်ကိုင်းတိုင်းဒေသကြီးရုံး၊ မုံရွာမြို့တွင် ယခု ဖေဖော်ဝါရီလ ၄ ရက်နေ့မှ စတင်၍ ရောင်းချပေးနေပြီး လာမည့် မတ်လ ၄ ရက်နေ့တွင် လျှောက်လွှာများကို နောက်ဆုံးထား ပိတ်သိမ်းမည် ဖြစ်ကြောင်း သိရပါတယ်။လေလံလျှောက်ထားသူများအနေဖြင့်လည်း လေလံစပေါ်ငွေကို မတ်လ ၅ ရက်နေ့တွင် နောက်ဆုံးထား တင်သွင်းရမည်ဖြစ်ကြောင်း၊ အိတ်ဖွင့်လေလံ လျှောက်လွှာပုံစံ၊ လေလံစည်းကမ်းချက်များနှင့် ကျန်အသေးစိတ်အချက်အလက်များကို သိရှိလိုပါကလည်း ရုံးချိန်အတွင်း ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ကြောင်းလည်း သိရပါတယ်။



